ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား/သူ ၁၂ ဦး အပါအဝင် အကျဉ်းသား ၆၅ ဦးကို စစ်ကောင်စီအကျဉ်းဦစီးဌာနကနေ လွှတ်ပေးလိုက်ကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်က မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နဲ့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) တို့ ပူးပေါင်းပြီး လွိုင်ကော်အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြား အကျဉ်းသားများ လွတ်ရက်စေ့ပေမယ့် ထပ်မံထိန်းသိမ်းခံထားနေရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့အပြီး အခုလို လွှတ်ပေးလိုက်တာလို့ KPPA ရဲ့ သတင်းနှင့်ပြန်ကြားရေး ထားဖိုးက ပြောပါတယ်။
“အခုလွတ်လာတဲ့ အကျဉ်းသား ၆၅ ဦးဟာ ပြီးတဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ နိုင်ငံတော်က ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်တဲ့လူ ၁၄ ဦးပါတယ်။ ပြီးရင် နိုင်ငံရေးပုဒ်မနဲ့ ၁၂ ဦးက သူတို့လွတ်ရက်စေ့တာ လပိုင်းလောက်ရှိပြီပေါ့နော်။ စစ်ကောင်စီကနေ ပြန်မလွှတ်ပေးဘူး။ စစ်ကောင်စီအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရှိတဲ့အကျဉ်းသားတွေ, လွတ်ရက်စေ့တဲ့ အကျဉ်းသားတွေကို မလွှတ်ပေးတာက မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးကို ဆော်ကားလိုက်တာပဲပေါ့ အဲဒီပုံစံနဲ့ ကျနော်တို့ ထုတ်ပြန်ချက် ထုတ်ပြန်တယ်။ ထုတ်ပြန်ပြီးတော့ ၂ ရက်လောက်မှာ ဖေဖော်ဝါရီလမှာ ပြန်လွတ်လာတာပေါ့။”
ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၁၂ ဦးကတော့ စိုင်းဝဏ္ဏ၊ ရဲထွန်းနိုင်၊ မောင်ဝိုင်း၊ စောအယ်ထောနယ်ဆွီ၊ ဆာကာရီးရာ၊ ဆာဘလုမူး၊ ဆူရယ်၊ သန်းကိုစတီးနိုး၊ အာကာပတေရု၊ ကလောရယ်၊ မြာရယ်နဲ့ ဒေါ်လင်းလင်းခိုင် တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“အခုလွတ်လာတဲ့ နိုင်ငံရေးကျဉ်းသား ၁၂ ယောက်က ပုဒ်မ ၅၀၅ ပါမယ်၊ နောက် မတရားအသင့် ဆက်သွယ်မှုပုဒ်မ ၁၇ (၁) ပါမယ်။ တချို့ကတော့ ဓာတ်ပုံကြောင့် အဖမ်းခံရတာတွေ ရှိတယ်။ တချို့က လုံးဝ အရပ်သားပြည်သူစစ်ပဲ။ သို့မဟုတ် လမ်းမှာ စစ်တပ်နဲ့တွေပြီး ဖမ်းချုပ်ခံရတဲ့ပြည်သူတွေဖြစ်တယ်ပေါ့နော်” လို့ ထားဖိုးက ပြောပါတယ်။
ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကတော့ မိသားစုနဲ့ ပြန်စုံနိုင်ဖို့ ကြိုးစားနေသလို တချို့က နေရပ်ပြန်မရောက်သေးတဲ့သူတွေရှိတာကြောင့် လူမှုအဖွဲ့တွေက ကူညီစောင့်ရှောက်ထားရသူတွေ ရှိတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ဖေဖော်ဝါရီ ၇ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆၀၁၃ ဦးရှိပြီး အဲဒီအထဲက ၂၀၀၆၀ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၈၇၆၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။