အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ ဟားမတ်စ်တွေရဲ့ ဂါဇာစစ်ပွဲအတွက် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဖေဖော်ဝါရီ ၇ ရက်က ပယ်ချလိုက်ပြီး အလုံးစုံ အောင်ပွဲခံရဖို့လည်း အလှမ်းမဝေးတော့ဘူးလို့ ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အောင်ပွဲရဖို့က လအနည်းငယ်သာ လိုတော့ကြောင်းနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ လုံးလုံးလျားလျား ရှုံးနိမ့်ပြီးတော့ အလုံးစုံ အောင်ပွဲရရှိခြင်းကသာ အစ္စရေးရဲ့ လုံခြုံရေးကို မြောက်ဘက်ရော တောင်ပိုင်းမှာပါ ပြန်လည်ထူထောင်နိုင်စေမှာပါလို့လည်း သူက ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေး ထောက်လှမ်းရေး အကြီးအကဲတွေ ရေးဆွဲထားပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ကာတာနဲ့ အီဂျစ် ဖျန်ဖြေသူတွေက ဟားမတ်စ်တွေဆီ ပေးပို့ခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ဟားမတ်စ်က သူတို့ရဲ့တုံ့ပြန်မှုကို ပြောကြားလာပြီးနောက် တရက်အကြာမှာပဲ အစ္စရေးဝန်ကြီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
စစ်ပွဲ ၄ လတာ ကာလအတွင်း အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်တပ်ဖွဲ့ဝင်တွေရဲ့ ထက်ဝက်ကျော်ကို သေဆုံး/ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်လို့လည်း နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။
ဟားမတ်စ်ရဲ့ တုံ့ပြန်မှုဟာ ဂါဇာမှာ ၄ လခွဲကြာ စစ်ပွဲရဲ့ အပစ်အခတ်ရပ်စဲရေးကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ဓားစာခံတွေအားလုံးကို လွှတ်ပေးမှာဖြစ်ပြီးတော့ အစ္စရေးက သူ့တပ်ဖွဲ့တွေကို ဂါဇာကမ်းမြောင်ကနေ ဆုတ်ခွာပေးရမယ့်အပြင် စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တရပ်ကိုပါ ရယူနိုင်ဖို့တွေ ပါဝင်နေပါတယ်။
အစ္စရေးက ပြောကြားထားတဲ့အတိုင်း ဂါဇာမှာ ထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ ကျန်ရှိနေသေးတဲ့ ဓားစာခံ ၁၃၆ ဦး လွတ်မြောက်ရေးအတွက် လမ်းခင်းပေးခြင်းဟာလည်း အစ္စရေးရဲ့ စစ်ကြေညာထားတဲ့ ပန်းတိုင်နဲ့လည်း ကိုက်ညီနေပါတယ်။
ဒါပေမဲ့လည်း ဒီတုံ့ပြန်ကမ်းလှမ်းချက်ဟာ ဟားမတ်စ်တွေကို အမြစ်မပြတ်မချင်း ချေမှုန်းသွားမယ်ဆိုတဲ့ အစ္စရေးရဲ့ အဓိက ကတိကဝတ်ကိုလည်း စိန်ခေါ်နေတာ ဖြစ်ပါတယ်။
နေတန်ယာဟုဟာ ဟားမတ်စ်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ပျက်ကွက်တဲ့ ဘာသဘောတူညီချက်ကိုမဆို အသိအမှတ်ပြု ထောက်ခံမယ့်အစား နုတ်ထွက်မယ်လို့ ပြောတဲ့ သူ့ရဲ့ ညွန့်ပေါင်းအစိုးရက လက်ယာစွန်းအဖွဲ့ဝင်တွေနဲ့ ဓားစာခံတွေကို အိမ်ပြန်ရောက်လာစေဖို့ တောင်းဆိုနေကြတဲ့ ဓားစာခံမိသားစုတွေဆီက ဖိအားတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Source/Photo-Reuters