Home
မြန်မာသတင်း
ထိုင်း-မြန်မာနှစ်နိုင်ငံ နိုင်ငံသားကတ်ကိုင်ဆောင်သူ စီးပွားရေးလုပ်ငန်းရှင်နှင့်အပေါင်းပါ ၁၈ ဦးကို  ဖမ်းဝရမ်းထုတ် 
DVB
·
February 8, 2024
thai 822024

ထိုင်း-မြန်မာနယ်စပ် ရနောင်း နဲ့ ကော့သောင်းမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံ နိုင်ငံသားကတ်ကိုင်ဆောင်သူ ကိုဖု နဲ့ အပေါင်းပါ ၁၈ ဦးတို့ကို တရားမဝင်ထီရောင်းမှု၊ အခွန်လိမ်လည်မှု၊ ငွေကြေးခဝါချမှုတွေနဲ့  ထိုင်းတရားရေးဝန်ကြီးဌာန အထူးမှုခင်းစုံစမ်း စစ်ဆေးရေးဌာန  DSI က ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အသက် ၆၀ နှစ်ရွယ် ကိုဖု ခေါ်  နိုင်းဆငါ ကန်းဝမ်းဆိုသူမှာ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းမှာ မသမာမှုရှိတဲ့အပြင် အွန်လိုင်းမှာ တရားမဝင်ထီရောင်းတာ၊ ငွေကြေးခဝါချမှုတွေရှိနေတာကို စုံစမ်းသိရှိရတဲ့အတွက်  ဒီလဆန်း ၁ ရက်နေ့က သူ့ရဲ့ ရနောင်းက နေအိမ်နဲ့ အလုပ်ရုံတွေကိုရော၊ ဘန်ကောက်၊ နွန်ထပူရီစတဲ့ခရိုင်ရှိ ချိတ်ဆက်နေရာပေါင်း ၂၇ ခုကို သွားရောက်စစ်ဆေးပြီး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခဲ့တယ်လို့ ထိုင်းတရားရေးဝန်ကြီး ဗိုလ်မှူးကြီး ထဝီ ဆွတ်ဆောင်က ဖေဖော်ဝါရီ ၅ ရက် သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 

စုံစမ်းဖော်ထုတ်ချက်အရ ကိုဖုဟာ ထိုင်းနိုင်ငံက စက်သုံးဆီတွေဝယ်ပြီး မြန်မာနဲ့တကွ အခြားနိုင်ငံကို တင်ပို့ရောင်းချရာမှာ အမှန်တကယ်မရှိသော ကုမ္ပဏီအတုစာရင်း၊ စာရွက်စာတမ်း အတုတွေနဲ့ အစိုးရထံအခွန်ငွေထုတ်ယူခြင်းကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက လုပ် ဆောင်ခဲ့လို့ တိုင်းပြည်ဘဏ္ဍာငွေ ဘတ်သန်းပေါင်း ၁ သောင်းကျော်ဆုံးရှုံးခဲ့ကြောင်း၊ ဒါ့အပြင် ဝက်ဘ်ဆိုက် ပေါင်း ၅ ခုထက်မနည်းအသုံးပြုပြီး နှစ်လုံးတိုက်၊ သုံးလုံးတိုက်ထီတွေ တရားမဝင် ရောင်းချခဲ့တယ်၊ ဒီလုပ်ငန်းမှာ ငွေလည်ပတ်မှု ဘတ်သန်းပေါင်း ၃၀၀၀ ကျော်တယ်၊  ငွေကြေးခဝါချမှုတွေရှိခဲ့တယ်၊ ဒါကြောင့်  သူနဲ့ တကွ အပေါင်းပါ ၁၈ ဦးကို ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးရာမှာ ကိုဖုရဲ့ လက်ထောက် လင်မယားနဲ့တကွ စုစုပေါင်း ၇ ဦးကို ဖမ်းဆီးရမိပြီး ကိုဖု နဲ့တကွ ကျန် ၁၁ ဦးတို့မှာ ထွက်ပြေးလွတ်မြောက်နေဆဲပဲလို့ ထိုင်းတရားရေးဝန်ကြီးက ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့က ရနောင်းမြို့မှာရှိတဲ့ ကိုဖုရဲ့ အိမ်ကနေ ဘတ်သန်းပေါင်း ၅၅ သန်းထည့်ထားတဲ့ မီးခံသေတ္တာ၊ ရွေချောင်းနဲ့ ရွှေထည်ပစ္စည်းအလေးချိန် ၃၅၀ ဘတ် (၃၀၀ ကျပ်သားကျော်)၊ ဇိမ်ခံကားအပါအဝင် ကားပေါင်း ၈ စီး၊ တန်ဖိုးကြီးနာရီ ၄၇ လုံးနဲ့ လက်ပွေ့အိတ်၊ ဖိနပ်နဲ့ အဝတ်အထည် အမျိုးအစားပေါင်း ၄၀၀ ကျော်၊ သေနတ် ၁၀ လက်၊ မြေဂရံတွေပါ စုစုပေါင်းတန်ဖိုး ဘတ်သန်းပေါင်းရာနဲ့ချီ သိမ်းဆည်းခဲ့တယ်၊ ကိုဖုဟာ  တောလမ်းကနေ မြန်မာဘက်ခြမ်း ထွက်ပြေးလွတ်မြောက်နေတယ်လို့ ယူဆကြောင်း တရားရေးဝန်ကြီးက ပြောသွားပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ရနောင်းဒေသခံတဦးကလည်း ကိုဖု ဆိုသူမှာ ထိုင်း-တရုတ် ကပြားဖြစ်ပြီး ထိုင်းနိုင်ငံသားဖြစ်ပေမယ့် မြန်မာနိုင်ငံသားမှတ်ပုံတင်ပါ ကိုင်ဆောင်ကြောင်း၊ သူဟာ ရနောင်းမှာ ဩဇာညောင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး အာဏာပိုင်အသိုက်အဝန်းကြား ဝင်ဆံ့တယ်၊ ရပ်ရေးရွာရေးမှာ အလှူအတန်းရက်ရောတဲ့အတွက် မြို့မျက်နှာဖုံးလို ဖြစ်နေတယ်၊ ယခင်က ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်ပြီး သူ့မှာလှေအစီးပေါင်း ၅၀၀၀ လောက် ပိုင်ဆိုင်တယ်၊  ရနောင်း နဲ့ ကော့သောင်းက ကာစီနိုလောင်းကစားရုံတွေလည်း ပိုင်ဆိုင်တယ်၊ မြန်မာဘက်ခြမ်း ကော့သောင်းမှာရှိတဲ့ ကာစီနိုရုံကို သူ့တပည့် ကိုသောင် ဆိုသူက ဦးစီးတယ်၊  အွန်လိုင်းကနေ တရားမဝင်ထီတွေပါရောင်းတယ်၊  ဒီလိုအလုပ်တွေကို နှစ်ရှည်လများ တွင်ကျယ် အောင်လုပ်နိုင်ဖို့က ဒေသအာဏာပိုင်တွေ ပူးပေါင်းပါဝင်မှုမရှိရင် လုပ်လို့မရဘူးလို့ ဒေလီ နယူးစ် သတင်းကို ပြောသွားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024