Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့ရှိ နှစ်ရာကျော်သက်တမ်းရှိ ဘုန်းကြီးကျောင်း ပျက်စီး
DVB
·
February 8, 2024
Monastary_08022024

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့လို့ နှစ်ရာကျော်သက်တမ်းရှိ ဘုန်းကြီး​ကျောင်းတကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်တာကြောင့် အမှတ် ၆ ရပ်ကွက်၊ ပုလုတ်တောင်ရပ်ကွက်နဲ့ ဒက္ခိဏာရာမ (တောင်ကျောင်း) ပရိယတ္တိစာသင်တိုက် ဝန်းကျင်နေရာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါဘုန်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တာပါ။

ဒေသခံတဦးက “ဒီကျောင်းက ဟိုး ကျနော်တို့ အဘိုးတွေ၊ အဘောင်(အဘွား)တွေ လက်ထက်တည်းက ရှိခဲ့တာပါ။ နှစ်ပေါင်း ၁၀၀ ကျော်ပြီ၊ သမိုင်းဝင်ကျောင်းကြီးပါ။ အခုလို မြင်ရတော့ ဘယ်လိုစိတ်ချမ်းသာမလဲ။ ပိုက်ဆံရှိရင်တောင် ပြန်မဆောက်နိုင်တော့ဘူး” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက်ကလည်း အခုလို လေကြောင်းက ဗုံးကြဲခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်မှာ နောက်ထပ်တကြိမ် လုပ်ဆောင်ခဲ့တာလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၇ ရက် နေ့လယ် ၁ နာရီ ၂၈ မိနစ်မှာ စစ်တပ်က ရမ်းဗြဲမြို့ကို ၅ ကြိမ်ထက်မနည်း လေကြောင်းက လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အပြင် နေ့လယ် ၂ နာရီကျော်မှာလည်း စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့  ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနက်ကစပြီး ရမ်းဗြဲမြို့မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး တိုက်ခိုက်တာကြောင့် ပြည်သူတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024