ဂါဇာကမ်းမြောင်ဒေသမှာ လေးလခွဲကြာနေပြီဖြစ်တဲ့ တိုက်ပွဲအသံတွေ ငြိမ်သက်သွားစေမယ့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ဟားမတ်စ်တွေက အဆိုပြုခဲ့ပါတယ်။
ဓားစာခံတွေအားလုံး လွတ်မြောက်လာပြီး ဂါဇာကမ်းမြောင်ဒေသက တပ်ဖွဲ့ဝင်တွေကို အစ္စရေးက ရုပ်သိမ်းမယ့် သဘောတူညီချက်တရပ်ကို အပြီးသတ်နိုင်ဖို့ အဆိုပြုထားတာပါ။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပါလက်စတိုင်း ပြည်သူတွေအပေါ် ရန်လိုတဲ့ နာဇီစစ်ပွဲကြောင့် အကြီးအကျယ် ဒုက္ခရောက်နေတဲ့ ပါလက်စတိုင်း ပြည်သူတွေရဲ့ ဒုက္ခတွေကနေ သက်သာရာရစေမယ့် ကိစ္စရပ်တွေပါလို့ ဟားမတ်စ် နိုင်ငံရေးဗျူရိုအဖွဲ့ဝင် အိုက်ဇက် အယ်လ် ရစ်ရှက်က ပြောပါတယ်။
“ပါရီအဆိုပြုချက်နဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ တုံ့ပြန်ချက်ကို ကာတာနဲ့ အီဂျစ်မှာရှိတဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုတွေဆီ မနေ့ညနေပိုင်းက ပေးပို့ခဲ့ပါတယ်။ ပြည်တွင်းပြည်ပ လှုပ်ရှားမှုခေါင်းဆောင်တွေအတွင်း အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးတာတွေအပြင် ပါလက်စတိုင်း တပ်ဖွဲ့တွေနဲ့ အဖွဲ့ခွဲတွေမှာရှိတဲ့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ညှိနှိုင်းပြီးမှ ခုလိုလုပ်ခဲ့တာပါ။ ဒီတုံ့ပြန်မှုကနေတဆင့် ပါလက်စတိုင်း ပြည်သူတွေအပေါ် ရန်စတာတွေကို ရပ်တန့်ဖို့နဲ့ အလုံးစုံ ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးအပြင် ပါလက်စတိုင်းပြည်သူတွေ သက်သာရာရစေဖို့၊ အမိုးအကာ၊ ပြန်လည်တည်ဆောက်ရေးနဲ့ အားလုံးကို သေချာစေဖို့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ ကိုင်တွယ်ဖြေရှင်းဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။”
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး အဆိုပြုဖို့ ဖေဖော်ဝါရီ ၇ ရက်က ဂျေရုဆလင်မြို့မှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဂါဇာမှာ လေးလခွဲကြာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဟားမတ်စ်တို့ရဲ့ အဆိုပြုချက်ကို ဆွေးနွေးဖို့ ဘလင်ကန်ဟာ အစ္စရေးသမ္မတ အိုင်းဇက် ဟာဇော့ဂ်နဲ့လည်း ဂျေရုဆလင်မှာ ဖေဖော်ဝါရီ ၇ ရက်က တွေ့ဆုံခဲ့ပါတယ်။
Source/Photo-Reuters/Mark Schiefelbein