Home
မြန်မာသတင်း
ပဲခူးတွင် ဟိုင်းလပ်ယာဉ်များကို လုပ်ငန်းလိုင်စင်ဖျက်သိမ်း၊ ယာဉ်ပိုင်ရှင်များ အခက်တွေ့
DVB
·
February 8, 2024
hilux 822024

ပဲခူးမြို့နဲ့ ရန်ကုန်မြို့အတွင်းကို ပြေးဆွဲနေတဲ့ ဟိုင်းလပ်ယာဉ်တွေကို ပဲခူးတိုင်း ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနက ယာဉ်အို/ယာဉ်ဟောင်း ဖြစ်နေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ပြေးဆွဲခွင့်မပြုတော့ဘူးဆိုပြီး ယာဉ်ပိုင်ရှင်တွေကို အသိပေးကာ လုပ်ငန်းလိုင်စဉ်တွေ ဖျက်သိမ်းဖို့ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အခုလို လုပ်ငန်းလိုင်စင်တွေ ဖျက်သိမ်းဖို့ ညွှန်ကြားထားတာကြောင့် ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်နောက်လိုက်တွေ အခက်အခဲဖြစ်နေတယ်လို့ ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။

“ကားက ဂက်စ်အိုးတွေ သက်တမ်းကျော်နေလို့ အသစ်လဲထားတာ မကြာသေးဘူး။ အခုလို ပေးမမောင်းတော့ဘူးဆိုတော့ အကုန်ဒုက္ခရောက်တာပဲ။ အနည်းဆုံး ၃ လလောက်တော့ ကြိုပြီး စာထုတ်သင့်တယ်။”

ပဲခူးနဲ့ ရန်ကုန်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ များပြားလာတာကြောင့် ယာဉ်အစီးရေ လျှော့ချတဲ့အနေနဲ့ အခုလို ဟိုင်းလပ်ယာဉ်တွေကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းတာ ဖြစ်နိုင်တယ်လို့ ယာဉ်နောက်လိုက်တဦးက သုံးသပ်ပါတယ်။

“ယာဉ်လိုင်းတွေကော ကားတွေကော များလာတော့ ဂိတ်တွေက မစစ်နိုင်လို့ထင်တယ်။ တချို့ ဟိုင်းလပ်တွေပေါ်မှာလည်း မူးယစ်ဆေးတို့ လက်နက်တို့ ခိုးတင်တာ မိတယ်လို့တော့ သတင်းကြားတယ်။ အဲ့ဒါကြောင့် လုပ်ငန်းပိတ်တယ်လို့တော့ ပြောနေကြတယ်။”

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလက ပဲခူးမြို့ကနေ ရန်ကုန် စော်ဘွားကြီးကုန်းထိ ပြေးဆွဲတဲ့ Smart city bus တွေ စတင်ပြေးဆွဲခဲ့ပေမဲ့ ယာဉ်စီးခစျေးနှုန်း မြင့်မားတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ ဟိုင်းလပ်ယာဉ်တွေကိုသာ သွားလာရေးအတွက် အသုံးပြုနေရပြီး အခုလို ဟိုင်းလပ်ယာဉ်တွေကို ပြေးဆွဲခွင့်မပြုတော့တာကြောင့် သူတို့အနေနဲ့လည်း အခက်အခဲဖြစ်ရတယ်လို့ ပဲခူးမြို့မှ ခရီးသွားပြည်သူတဦးက ပြောပါတယ်။

“ဟိုင်းလပ်တွေက ပစ္စည်းတင်လည်း ကားခ ၁,၀၀၀ လောက်ပဲ ပေးရတယ်။ အခု မီနီဘတ်စ်တွေ အဲကွန်းကားတွေက ပစ္စည်းတင်ရင် ၃,၀၀၀ လောက် ပေးရတော့ အဆင်မပြေဘူး။”

အာဏာသိမ်းပြီးစတည်းက ပဲခူး-ရန်ကုန် လမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်တွေ ပိုမိုများပြားလာသလို ကုန်တင်ကားကြီးတွေနဲ့ ခရီးသည်တင်ကားတွေကို စစ်ကောင်စီတပ်က ငွေကြေးကောက်ခံတာတွေကြောင့် ယာဉ်စီးခတွေနဲ့ ကုန်ပစ္စည်း သယ်ယူစရိတ် စျေးမြင့်တက်လာတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024