ကုလသမဂ္ဂ နျူးကလီးယားစောင့်ကြည့်ရေးအဖွဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖယ် ဂရောက်ဇီဟာ ယူကရိန်းနိုင်ငံထဲက ရုရှား သိမ်းပိုက်ထားတဲ့ ဇာပိုရစ်ရှ်ဇီယာနျူးကလီးယား ဓာတ်အားပေးစက်ရုံဆီ ဖေဖော်ဝါရီ ၇ ရက်က သွားရောက်ကြည့်ရှုခဲ့ပြီး အအေးခံကန်တွေအတွက် ရေတွင်းအလုံအလောက် ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
IAEA က ဇာပိုရစ်ရှ်ဇီယာစက်ရုံမှာ အမြဲတမ်းတပ်စွဲထားတဲ့ လေ့လာရေးအဖွဲ့ကို လဲလှယ်ခဲ့တယ်လို့လည်း သတင်းအေဂျင်စီတွေက ထုတ်ပြန်ခဲ့ပြီး ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဂရောက်ဇီရဲ့ နျူးကလီးယားစက်ရုံဆီ ခရီးစဉ်ကို ရိုက်ကူးထားတဲ့ ရုပ်သံကို ဖြန့်ချိခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို စစ်ရေးအရ စစ်ဆင်ရေး စတင်ပြီးနောက် ဥရောပရဲ့ အကြီးဆုံး နျူးကလီးယား ဓာတ်အားပေးစက်ရုံကို ရုရှားက သိမ်းပိုက်ခဲ့ပြီး နျူးကလီးယားဓာတ်ပေါင်းဖို ခြောက်လုံးကို အခု ရပ်နားထားပါတယ်။
ရုရှားစက်ရုံကို ထောက်ပံ့ပေးတဲ့ လှောင်ကန်တခုကနေ ရေတွေကို စွန့်ထုတ်လိုက်လို့ ဓာတ်ပေါင်းဖိုတွေ ပိတ်သွားပေမဲ့ အန္တရာယ်ရှိနိုင်လို့ စက်ရုံမှာ ရေပြတ်လပ်မှာကို စိုးရိမ်တယ်လို့ ယူကရိန်းက မနှစ်က ပြောခဲ့ပါတယ်။
နျူးကလီးယားစက်ရုံတွေမှာ ဓာတ်ပေါင်းဖိုတွေကို အေးနေဖို့နဲ့ နျူးကလီးယား အရည်ပျော်ကျမှုကို ကာကွယ်ဖို့ ရေအလုံအလောက် လိုအပ်ပြီး ဂရောက်ဇီကတော့ ရေအလုံအလောက်ရှိတယ်လို့ ပြောခဲ့တဲ့အကြောင်း ရုရှားသတင်းဌာန TASS က ဖော်ပြခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နောက်ပိုင်း ခရီးစဉ်မှာ နျူးကလီးယားစက်ရုံတည်ရှိရာ ယူကရိန်းအရှေ့တောင်ပိုင်းက သိမ်းပိုက်ထားတဲ့ နယ်မြေဆီကို ဂရောက်ဇီနဲ့အတူ ရုရှားစစ်သားတွေပါ လိုက်ပါသွားခဲ့ပါတယ်။
Source/Photo-Reuters/Zaporozhskaya Nuclear Power Plant