Home
မြန်မာသတင်း
မန္တလေးတွင် NMD တပ်ဖွဲ့ဝင် ၁ ဦးနှင့်အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
February 8, 2024
crime 822024

မန္တလေးတိုင်း၊‌ အောင်မြေသာဇံမြို့နယ်မှာ No-More Dictatorship ပြောက်ကျားတပ်ဖွဲ့ဝင် ၁ ဦးနဲ့ အရပ်သား ၂ ဦးကို ဖေဖော်ဝါရီ ၄ ရက်‌နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ NMD မြို့‌ပြပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

No-More Dictatorship အဖွဲ့ဝင်တွေဖြစ်တဲ့ ‌အောင်မြေသာဇံမြို့နယ် မင်းတဲအီကင်းရပ်ကွက်မှာ နေထိုင်တဲ့ မသီတာစိုးနဲ့ ကိုတိုးညွန့်၊ ပြည်ကြီးရန်လုံရပ်ကွက်မှာ နေထိုင်တဲ့ မကေခိုင်စိုးတို့ကို လက်နက်တွေနဲ့ ဖမ်းမိခဲ့တယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးဟာ ကြာအင်းဆိပ်ကြီးမြို့မှာ နေထိုင်တဲ့ အမျိုးသားတဦးထံက ခရီးသည်တင်ကားနဲ့ မန္တလေးကို ပို့ဆောင်ထားတဲ့ လက်နက်တွေကို စစ်ကိုင်းဘက် ပို့ပေးနေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

NMD တာဝန်ရှိသူတဦးကတော့ ဖမ်းဆီးခံခဲ့ရတဲ့ ၃ ဦးထဲမှာ ထောက်ပို့တပ်သား ၁ ဦးသာပါပြီး ကျန် ၂ ဦးက သာမန်အရပ်သားတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

“မန္တလေးမှာ လက်နက်နဲ့ ၃ ယောက် ဖမ်းခံရတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့တပ်ဖွဲ့က ထောက်ပို့တပ်သား တယောက်တည်းပါ။ စစ်ကောင်စီထုတ်ပြန်သလို ၃ ယောက်လုံး ထောက်ပို့တပ်သား မဟုတ်ပါဘူး။ ကျန်တဲ့‌နှစ်ယောက်က မီနီအိုးဝေမောင်းတဲ့သူတဦးနဲ့ ဒီတိုင်း အဖော်လိုက်ပေးတဲ့ တယောက်ပါ။”

အဖွဲ့အတွက် အရေးကြီးတဲ့ ထောက်ပို့တပ်သား ၁ ဦးအပြင် လက်နက်အများအပြားလည်း ဖမ်းဆီးခံထားရတဲ့ထဲ ပါသွားပြီး ဆုံးရှုံးမှုများခဲ့ပေမဲ့ အရင်ကထက် ပိုကြိုးစား ဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း မန္တလေးမြို့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၃၀၀ မှ ၅၀၀ ကြားအထိ ဖမ်းဆီးခံထားရတယ်လို့ NMD အဖွဲ့ကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024