ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှာ စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်ကနေ ၅ ရက်အထိ ၅ ရက်အတွင်း ဒေသခံ လူငယ် ၆ ယောက်ကို ဖမ်းဆီးခဲ့ပြီး ၄ ယောက်ကို လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်ပင်မြို့အနောက်ဘက်မှာရှိတဲ့ ရခိုင်ရိုးမအစပ်မှာ ဖေဖော်ဝါရီ ၂ ရက်က လူငယ် ၄ ယောက်ကို လက်နက်တွေနဲ့အတူ စစ်တပ်က ဖမ်းဆီးခဲ့ပြီး မနေ့ ဖေဖော်ဝါရီ ၅ ရက်မှာတော့ အရင်ရက်က ဖမ်းမိတဲ့ ၄ ယောက်နဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံ ၂ ယောက်ကို ထပ်မံဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “အဖမ်းခံရတာ မိန်းကလေး ၂ ယောက် ပါတယ်လို့ သိရတယ်။ ဖမ်းဆီးခံရသူတွေကို လက်ရှိ မြန်အောင်မှာရှိတဲ့ ခလရ ၅၁ တပ်ရင်းမှာ ဖမ်းဆီးစစ်ဆေးနေတာတဲ့။ ၄ ယောက်က လက်နက်တွေနဲ့အတူ မိတာတဲ့၊ ၂ ယောက်က ပထမ ဖမ်းဆီးခံရသူတွေကို စစ်ဆေးပြီး ဖမ်းတာပါတဲ့” လို့ ပြောပါတယ်။
မြန်အောင်မြို့နယ်မှာ ဒေသခံတွေ ဆက်တိုက်ဖမ်းဆီးခံရပြီးနောက် အင်ပင်မြို့အနီး ရခိုင်ရိုးမအစပ်မှာ စစ်သားအင်အား အများအပြားနဲ့ ပိုက်စိပ်တိုက် စစ်ကြောင်းထိုး စစ်ဆေးနေတဲ့အပြင် မြို့ပေါ်မှာလည်း လုံခြုံရေး ပိုတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံ တက်ကြွလှုပ်ရှားသူတယောက်က “မနေ့ကအထိ ၆ ယောက် အဖမ်းခံထားရပြီတဲ့၊ ဟိုကောင်တွေဘက်က အစစ်အဆေးတွေ တင်းတင်းကျပ်ကျပ် လုပ်နေတယ်။ အင်ပင်မြို့ပေါ်မှာကော ရခိုင်ရိုးမနဲ့ အစပ်မှာပါ။ ဒီဘက်မှာရှိတဲ့ တော်လှန်ရေးတပ်တွေအားလုံး သတိထားလှုပ်ရှားဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယအပတ်ကလည်း အင်္ဂပူ၊ သာပေါင်း စတဲ့ မြို့နယ်တွေမှာ တော်လှန်ရေးတပ် PDF တွေ ရောက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ရပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ရေကြည်၊ ငသိုင်းချောင်းနဲ့ အသုတ်မြို့တွေမှာ PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၄၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။