ဥရောပသမဂ္ဂ (အီးယူ) ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရယ်လ်ဟာ အီးယူရဲ့ စစ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၇ ရက်က ယူကရိန်း ထိပ်တန်းအရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
ယူကရိန်းက အဖွဲ့ဝင် ၂၇ နိုင်ငံပါ အစုအဖွဲ့ဖြစ်တဲ့ အီးယူကို ဝင်ရောက်နိုင်ရေး ကြိုးပမ်းရာမှာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ဆွေးနွေးခဲ့တာပါ။
ဘော်ရယ်လ်ဟာ လေကြောင်းတိုက်ခိုက်နေလို့ ဥသြဆွဲနေချိန်မှာ အမိုးအကာတခုကနေ ဓာတ်ပုံတပုံကို လူမှုကွန်ရက် မီဒီယာပလက်ဖောင်း X မှာတင်ခဲ့ပြီး သူဟာ သူ့အဖွဲ့နဲ့အတူ ပုန်းခိုကျင်းရှိရာကို အမြန်ပြေးခဲ့ရတယ်လို့လည်း ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက အင်ပြည့်အားပြည့် စတင်ကျူးကျော်ချိန်ကစပြီး ခုထိ ကိယက်ဗ်မြို့တော်ဆီ လေးကြိမ်မြောက် အလည်အပတ်ခရီးစဉ်အဖြစ် ဘော်ရယ်လ် ရောက်လာတာဟာ စစ်ပွဲအတွင်း အရေးကြီးတဲ့ အခိုက်အတန့်တခုလည်း ဖြစ်ပါတယ်။
ယူကရိန်းအတွက် လေးနှစ်ကြာကာလအတွင်း ယူရို ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံ) ထောက်ပံ့ပေးဖို့ ဥရောပသမဂ္ဂက ပြီးခဲ့တဲ့ သီတင်းပတ်မှာ အတည်ပြုပေးခဲ့ပါတယ်။
ဒါဟာ အနောက်မဟာမိတ်တွေရဲ့ စစ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုအပေါ် အကြီးအကျယ် မှီခိုနေရတဲ့ ယူကရိန်းအစိုးရအတွက် အဓိကတွန်းအား ဖြစ်လာပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအရ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အဓိကအကူအညီပေးရေး အစီအစဉ်ကို အောက်လွှတ်တော်က ပိတ်ဆို့ထားဆဲပါ။
ရုရှားတပ်ဖွဲ့တွေဟာ နိုင်ငံအရှေ့ဘက်နဲ့ အရှေ့တောင်ဘက်က ဧရိယာအများအပြားကို အသစ်တဖန် ပြန်ချေမှုန်းတိုက်ခိုက်နေလို့ ခဲယမ်းတွေနဲ့ အမြောက်ကျည်တွေ ပြတ်လပ်တာကို ရင်ဆိုင်နေရတယ်လို့ ယူကရိန်းစစ်တပ်အရာရှိတွေက ပြောခဲ့ပါတယ်။
Source/Photo-Reuters