ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံအနီး၊ အမှတ် ၃ ရပ်ကွက်၊ မင်းလမ်းရှိ ဌေးဌေးမြတ် ရေခဲမုန့်ဆိုင်မှာ ဖေဖော်ဝါရီ ၈ ရက် မနက် ၆ နာရီ မိနစ် ၂၀ လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၂ ခန်းနဲ့ ဆိုင်သုံးပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပဲခူးမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ဆိုင်မှာ လူမရှိတဲ့အချိန် ဆိုင်သုံးရေခဲသေတ္တာ ဆေ့ဖ်ဂတ် အပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
ပဲခူးမြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက “မီးလောင်တာကို ဖုန်းသတင်းရတာပါ။ မီးလောင်သွားတဲ့ဆိုင်တွေမှာ ဆိုင်စောင့်က မရှိဘူး။ ဆိုင်တွေက အငှား။ မီးတောက်ကြီးလာမှ အိမ်ရှင်တွေက သိတာ။ စလောင်တဲ့နေရာက အချိုရည်ဘူးတို့ ရေခဲမုန့်တို့ ရောင်းတာ။ ဆိုင်မှာသုံးတဲ့ ဆေ့ဖ်ဂတ်ကနေ အပူလွန်ကဲပြီး လောင်တာပါ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ပေ ၂၀ × ပေ ၃၀ အတွင်း ဆောက်လုပ်ထားတဲ့ ရေခဲမုန့်ဆိုင် ၁ ဆိုင်နဲ့ ဆိုင်သုံး ရေခဲသေတ္တာ ၁၁ လုံးကျော်၊ ဆေးပစ္စည်းဆိုင် ၁ ဆိုင်နဲ့ ဆေးဝါးတွေ ပျက်စီးသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းကို မြို့နယ်မီးသတ်က ကျပ်သိန်း ၃၀ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
မီးလောင်မှုနေရာကို ပဲခူးမြို့နယ်မီးသတ်နဲ့ ဘုရားကြီးနယ်မြေမီးသတ်တို့က မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၆ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။
ပဲခူးတိုင်းအတွင်းမှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်က အုတ်ဖိုမြို့နယ်၊ ရှားတောကွင်းကျေးရွာအုပ်စု၊ စိန်ချောင်းကျေးရွာမှာ လူနေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ- ပဲခူးတိုင်းမီးသတ်