အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ ကာတစ်ဘ် ဟစ်ဇ်ဘိုလာ တပ်ဖွဲ့မှ အကြီးတန်းတပ်မှူး အဘူဘာကီယာ အယ်လ်ဆာဒီဟာ ဖေဖော်ဝါရီ ၇ ရက် ညက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အရှေ့ပိုင်းမှာ ဒရုန်းယာဉ်တစီး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း နယ်မြေခံ လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးသွားပြီး အီရတ်နိုင်ငံရဲ့ လူသိထင်ရှား စည်းရုံးရေးတပ်ဖွဲ့များ (PMF) မှ သုံးလေ့သုံးထရှိတဲ့ မော်တော်ယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်တခုက ပြောပါတယ်။
PMF တပ်ဖွဲ့ဟာ ဒါဇင်နဲ့ချီတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်လုံခြုံရေး အေဂျင်စီဖြစ်ပြီး အများစုဟာ အီရန်နဲ့ နီးစပ်ပါတယ်။
ကာတစ်ဘ် ဟစ်ဇ်ဘိုလာတပ်ဖွဲ့က တိုက်ခိုက်ရေးသမားတွေနဲ့ တပ်မှူးတွေဟာလည်း PMF ရဲ့ အစိတ်အပိုင်း ဖြစ်ကြပါတယ်။
ဇန်နဝါရီလက ဂျော်ဒန်-ဆီးရီးယား နယ်စပ်အနီး မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ကာတစ်ဘ် ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ရဲ့ ခြေရာတွေကို တွေ့ရှိရကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒေသတွင်းရှိ အမေရိကန်တပ်တွေကို စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားကြောင်း အဲဒီဟစ်ဇ်ဘိုလာအဖွဲ့က ကြေညာခဲ့ပါတယ်။
Source/Photo-Reuters