စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် မနက်က မြောက်ဘက်ကို စထွက်လာတာလို့ ဆိုပါတယ်။
ရွာသားတဦးက “သူတို့ မနေ့ မနက်ပိုင်းက နမခက စထွက်လာတာ၊ ညပိုင်းတော့ မင်းတဲရွာမှာ ညအိပ်ပြီး ဒီနေ့ မနက်ခင်း မင်းတဲရွာကနေ ကျနော်တို့ ကြိုးကြာကန်ရွာကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာတယ်။ ရွာသားတွေကတော့ စစ်ကြောင်းလာတယ်ဆိုရင် ပြေးရတာပဲ။ အဲလို ရွာထဲဝင်ပြီး မနက်ခင်း ၈ နာရီကျော်ကြတော့ ရွာကိုမီးရှို့ပြီး ပလ္လင်ကုန်းရွာနဲ့ မင်းကုန်းရွာဘက် ပြန်ထွက်သွားတယ်။ ဘာကြောင့် စစ်ကောင်စီတပ်က ရွာကိုမီးရှို့တာလဲ ဆိုတော့ ရွာအနီးမှာ ဘာတိုက်ပွဲမှမဖြစ်ဘူး။ သူတို့ရှို့ချင်လို့ကို ရှို့သွားတာ” လို့ ပြောပါတယ်။
မုံရွာမြို့နယ် ကြိုးကြာကန်ရွာကို စစ်တပ်က မီးရှို့တာကြောင့် လူနေအိမ် ၅ လုံး၊ သိုးအကောင် ၂၀၊ ဝက် ၁ ကောင်၊ နွားစာတိုက် ၃ လုံး၊ နွား ၁ ကောင်၊ လယ်ယာသုံးစက်ကိရိယာပစ္စည်းတွေနဲ့ ဆိုင်ကယ်တစီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘုတလင်မြို့နယ် ပြည်သူကာကွယ်ရေး နင်ဂျာအဖွဲ့ခေါင်းဆောင်က “ဒီစစ်ကြောင်းက ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၄ နာရီ ကျည်းဗဒုံရွာမှာ ကျနော်တို့ ဒရုန်းယာဉ်နဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းဗျ။ ကျည်းဗဒုံရွာကနေ မင်းတဲရွာမှာ ညအိပ်ပြီး ဒီနေ့မနက်ခင်းပိုင်းရောက်တော့ ကြိုးကြာကန်ရွာဘက် စစ်ကြောင်းထွက်လာပြီး ရွာကို မီးရှို့သွားတာ။ ဘာလို့ ရွာကိုမီးရှို့တာလဲ ဆိုတာကတော့ အတိအကျမသိဘူး။ သူတို့ (စစ်ကောင်စီ) က ပြည်သူတွေကို အခုလို လုပ်ချင်တာလုပ်လို့ရတယ်။ ဘယ်သူမှ ဂရုမစိုက်ဘူး။ သူတို့ကို အရေးယူမယ့်သူလည်း မရှိဘူးဆိုတဲ့သဘော လုပ်သွားတာ။ ဒီစစ်ကြောင်းက စစ်ကောင်စီ နမခရုံးဌာနတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လာလာပစ်ကြတော့ ကာကင်းလှည့်တဲ့ စစ်ကြောင်းဖြစ်မယ်။ ကြိုးကြာကန်ရွာမှာတော့ တိုက်ပွဲမရှိဘဲနဲ့ကို မီးရှို့သွားတာ။ အခုတော့ မင်းတဲရွာကနေ နမခထဲ ပြန်ဝင်နိုင်တယ်လို့ ကျနော်တို့ထင်ထားတယ်။”
ကြိုးကြာကန်ရွာဟာ ဘုတလင်မြို့နယ်နဲ့ မုံရွာမြို့နယ်အစပ် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) နဲ့ နီးစပ်တဲ့ ကျေးရွာတရွာဖြစ်သလို အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။