ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့နယ်မှာ စစ်ကြောင်းထိုလားတဲ့ စစ်ကောင်စီတပ်က စစ်ရှောင်မိသားစုတစုကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်သွားခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဆီကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက်က ရှားဖော်မြိုပေါ်တနေရာမှာ စစ်ရှောင်နေတဲ့ မိသားစုကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး လမ်းမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့တွေနဲ့ ထိတွေပစ်မှု ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ မိသားစုတွေကို သတ်ဖြတ်သွားခဲ့တာလို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။
“ရှားတောမြို့ပေါ်တနေရာမှာ စစ်ရှောင်နေတာ၊ အဲ့ဒါ စစ်တပ်က တွေ့တော့ ဖမ်းခေါ်သွားတယ်။ ဓားစာခံအနေနဲ့ ပေါ်တာဆွဲပြီး ခေါ်သွားတာ။ လမ်းမှာ KNDF နဲ့ တွေ့တော့ အပြန်အလှန် ပစ်ခတ်ပြီး စကစ တွေ ထွက်ပြေးတော့ အဲ့ဓားစာခံတွေကို ပစ်သတ်သွားတာ။ တမိသားစုလုံးပဲ သူအဖေတယောက်ပဲ အသက်ရှင်တယ်။”
သေဆုံးသွားသူတွေထဲမှာ မသန်စွမ်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ပါဝင်တယ်လို့လည်း ကရင်နီပြည်လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အသက် ၅၀ အရွယ် အမျိုးသမီးတဦး (မသန်စွမ်း)၊ ၃၃ နှစ်အရွယ် ကိုယ်ဝန်ဆောင် မိခင်တဦး၊ ၇ နှစ်အရွယ် ကလေး မိန်းကလေးတဦး၊ ၃ နှစ်အရွယ် ယောကျ်ားလေးတဦး၊ အမျိုးသားတဦး၊ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦး (မသန်စွမ်း)၊ ၅ နှစ်အရွယ် ယောက်ျားလေးတဦးတို့ ဦးခေါင်း၊ ရင်ဘတ်၊ ခြေသလုံးတို့မှာ ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ ရှားတောကို ရဟတ်ယာဉ်နဲ့ စစ်ကူလာတာဖြစ်ပြီး ရဟတ်ယာဉ်သုံးစီးနဲ့ ဆင်းပြီးနောက် စစ်ရှောင်တွေနဲ့တွေ့တဲ့အချိန် ဖမ်းခေါ်သွားခဲ့တာလို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနက်က စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ စာသင်ကျောင်းပျက်စီးသွားပြီး ကျောက်တက်နေတဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ဒေသခံက ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီ ၅ ရက်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေါဆီအီကျေးရွာနဲ့ လွိုင်နန်ဖကျေးရွာက စာသင်ကျောင်း ၂ ကျောင်းကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ၁၀ ကြိမ်၊ လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၄ ဦး၊ လူကြီး ၁ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလို အကြမ်းဖက်တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ ဓလေ့ထုံးစံဥပဒေများအပေါ် ဆိုးဝါးတဲ့ ချိုးဖောက်မှုဆိုင်ရာ ရောမသဘောတူစာချုပ်အရ (Rome Statute) စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပြီး စစ်ကောင်စီကို အရေးယူဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။