တော်လှန်ခရီး အုံးအုံးညံ၊ ပန်းတိုင် အမှန်ရောက်ချိန်တန်ပြီ။ ဒုက္ခသုက္ခ အဖုံဖုံအောက် တော်လှန်အညွန့် မညှိုး နွေတောတိုးဆဲ ပြည်သူတရပ်လုံးကို လေးစားဦးညွှတ်ပါကြောင်း ဦးစွာဖော်ပြအပ်ပါတယ်။
နွေဦးပြည်သူတို့ တော်လှန်ခရီးဖြတ်ကျော်နိုင်ဖို့ ကျန်းမာရေး အထူးဂရုစိုက်ကြစို့လို့ တိုက်တွန်းလိုက်ပါတယ်။
ဒီတပတ်တော့ နွေဦးပြည်သူတို့အတွက် ငှက်ပျောပင် ဆေးဖက်ဝင်ပုံအကြောင်းကို လက်လှမ်းမီ ဆေးပညာမှ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
ငှက်ပျောပင်ဟာ နွေဦးပြည်သူတွေနဲ့ အတော်ရင်းနှီးပြီးသား အပင်လည်း ဖြစ်ပါတယ်။ ငှက်ပျောပင် မျိုးစိတ်ကွဲများစွာ ရှိပေမယ့် တမျိုးနဲ့တမျိုး ဆေးဖက်အာနိသင် သိသိသာသာ ကွာခြားမှု သိပ်မရှိလှပါဘူး။ ပါဝင်မှု အနိမ့်အမြင့် အနည်းငယ်သာ ကွာခြားမှု ရှိကြပါတယ်။
ငှက်ပျောပင်ကို သိပ္ပံလို Musa လို့ခေါ်ပြီး အင်္ဂလိပ်လို Banana လို့ ခေါ်ပါတယ်။ ဆေးဖက်ဆိုင်ရာမှာ ငှက်ပျောဖူး(ပွင့်)၊ ငှက်ပျောရွက်၊ ပင်စည်၊ အမြစ်၊ အသီးစိမ်း၊ အသီးမှည့်နဲ့ ငှက်ပျောသီးအခွံတို့ကို ရောဂါအလိုက် သုံးစွဲကြပါတယ်။ ငှက်ပျောပွင့်မှာ ပရိုတင်း၊ ဗီတာမင်နဲ့ flavonoids ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ သတ္တုဓာတ်များနဲ့ အာဟာရဓာတ်များစွာ ပါဝင်ပြီး အမျှင်ဓာတ်များလည်း ပါဝင်ပါတယ်။
ငှက်ပျောပွင့်ဟာ သွေးတွင်းအဆီဓာတ်နဲ့ သွေးတွင်းသကြားဓာတ်အဆင့်ကို လျှော့ချပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအတွက် အစာစားလိုစိတ်ကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ငှက်ပျောပွင့်မှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများစွာကို ကူညီပေးရာမှာ အရေးပါတဲ့ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်နဲ့ ကြေးနီတို့လို သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ငှက်ပျောပွင့်မှာ သဘာဝသကြားဓာတ် အနည်းငယ်သာ ပါဝင်ပါပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် အားလုံးကိုလည်း ထောက်ပံ့ပေးပါတယ်။
ငှက်ပျောပွင့်မှာ quercetin၊ catechin၊ phenols၊ saponins နဲ့ tannins အပါအဝင် antioxidants ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး နာတာရှည်ရောဂါများ ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ငှက်ပျောပွင့်ရဲ့ အညှာနဲ့ ပျော့ဖတ်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းများစွာဟာ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်အဆင့်ကို လျှော့ချပေးနိုင်ပြီး နှလုံးရောဂါနဲ့ ဆီးချို(အမျိုးအစား၂) ရောဂါတွေကို ဟန့်တားနိုင်ပါတယ်။
ငှက်ပျောပွင့်မှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း quercetin နဲ့ catechin တွေဟာ အစာစားပြီးပြီးချင်း သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
ငှက်ပျောပွင့်မှာ ပါဝင်တဲ့ citric အက်ဆစ်၊အမိုင်နိုအက်ဆစ် Quercetin အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဆီးကျိတ်အတွင်း ရောင်ရမ်းမှုကို လျော့ပါးစေပြီး ဆီးလမ်းကြောင်း စီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။
ငှက်ပျောသီးစိမ်းဟာ သဘာဝသကြားဓာတ် နည်းပါးပြီး အစာကြေ ခံနိုင်ရည်ရှိတဲ့ ကစီဓာတ် ပါဝင်တာကြောင့် ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကျိုးပြုတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အူလမ်းကြောင်းပြဿနာများကို ထိန်းညှိပေးနိုင်ပြီး နှလုံးကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။
ငှက်ပျောသီးမှည့်မှာ အမျှင်ဓာတ်နဲ့ အပျော့စား ဝမ်းနုတ်စေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ဝမ်းချုပ်တာနဲ့ ဝမ်းပျက်တာလိုမျိုး အူလှုပ်ရှားမှုတွေကို ကူညီပေးပါတယ်။ ငှက်ပျောသီးဟာ အချဉ်ဓာတ်ကို ချေဖျက်ပေးနိုင်ပြီး အစာအိမ်အနာများကို ကုသရာမှာ ကူညီပေးနိုင်ပါတယ်။
ငှက်ပျောသီးမှည့်မှာ ပါဝင်တဲ့ ပရိုဘိုင်အောတစ်များက ကယ်လ်စီယမ် စုပ်ယူမှုကို ကူညီပေးပြီး အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
အလယ်အလတ်အရွယ် ငှက်ပျောသီးတလုံး နေ့စဉ် စားပေးခြင်းဖြင့် သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
ငှက်ပျောသီးမှာ သံဓာတ်ပမာဏ ပါဝင်မှု များတာကြောင့် သွေးထဲမှာ ဟေမိုဂလိုဘင် ပမာဏကို တိုးစေပြီး သွေးအားနည်းရောဂါအတွက် အကျိုးရှိစေပါတယ်။
ငှက်ပျောသီးမှည့်က ကျောက်ကပ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ငှက်ပျောသီးမှာ မြင့်မားစွာပါဝင်တဲ့ tryptophan ဓာတ်ဟာ serotonin ပရိုတင်းအဖြစ် ပြောင်းလဲပေးပြီး စိတ်ဓာတ်ကျခြင်းကို ကောင်းမွန်စေပါတယ်။
ငှက်ပျောရွက်ဟာ ဘက်တီးရီးယားနှင့် မှိုသတ်ဆေး အာနိသင်ပါဝင်ခြင်း၊ ဒဏ်ရာနဲ့ အနာတွေကို သက်သာပျောက်ကင်းစေနိုင်ခြင်း၊ ကင်ဆာကို ဆန့်ကျင်ခြင်း၊ အစာချေဖျက်မှုကို မြှင့်တင်ပေးနိုင်ခြင်း၊ ဝမ်းလျှောခြင်းကို ဆန့်ကျင်ခြင်း ဓာတ်တိုး ဆန့်ကျင်ခြင်း စတဲ့အစွမ်းသတ္တိများ ပါဝင်ပါတယ်။
ငှက်ပျောပင် ပင်စည် စားသုံးခြင်းဟာ ခန္ဓာကိုယ်ဆဲလ်များမှာ သိုလှောင်ထားတဲ့ သကြားနဲ့ အဆီများ ထုတ်လွှတ်မှုကို နှေးကွေးစေပါတယ်။
ငှက်ပျောပင် ပင်စည်အရည်ဟာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားရာမှာ ကူညီပေးနိုင်တဲ့ သဘာဝဆီးဆေးတစ်မျိုးဖြစ်ပြီး ကိုယ်တွင်းအညစ်အကြေးများကို ကင်းစင်စေပါတယ်။
ငှက်ပျောအင်အမြစ်မှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်လုံးအတွက် အကျိုးပြုပါတယ်။ အစာအိမ်အပူလောင်ခြင်းကိုလည်း သက်သာစေပါတယ်။ အမြစ်များမှာ ပါဝင်တဲ့ tanninsဓာတ်ဟာ အနာကို ကျက်စေပါတယ်။ ငှက်ပျောပင်အမြစ်မှာ ရောင်ရမ်းမှုကို ပျောက်ကင်းစေတဲ့ အစွမ်းထက်အာနိသင် ပါဝင်ပါတယ်။
ငှက်ပျောသီးခွံမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း polyphenols နဲ့ carotenoids ဓာတ်ပေါင်း များပါ၀င်တဲ့အတွက် ကိုယ်တွင်း ခုခံအားကို ကောင်းမွန်စေပြီး နာတာရှည်ရောဂါများမှ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။အမှည့်ခွံထက် အစိမ်းခွံက ပိုပြီးအာနိသင်ရှိပါတယ်။
ငှက်ပျောရွက်သတ္တုရည်ကို ထိခိုက်ရှနာများ၊ မီးလောင်ဒဏ်ရာများနဲ့ အရည်ကြည်ဖုများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်သည်။
အရွက်နုများကို အုန်းဆီသုတ်ပြီး မီးလောင်ဒဏ်ရာများမှာဖုံးအုပ် ပေးခြင်းဖြင့် အေးမြစေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပြီး အရည်ကြည်ဖုများကို သက်သာစေပါတယ်။
ကြို့ထိုးခြင်းအတွက် ငှက်ပျောရွက်ပြာကို ပျားရည်နဲ့ရောစပ်ပြီး ကော်ဖီ ၁ ဇွန်းခန့် သောက်ပေးနိုင်ပါတယ်။
ငှက်ပျောရွက်သတ္တုရည်ကို အုန်းဆီဖြင့်ရောစပ်ပြီး နေရောင်ခြည်ဒဏ်ကို ကာကွယ်ရန်အတွက် လိမ်းပေးနိုင်ပါတယ်။
ဝမ်းလျှောဝမ်းပျက်ခြင်း၊ဝမ်းကိုက်ခြင်း အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ အစာမကြေခြင်း တို့အတွက် ငှက်ပျောရွက်ပြာ ကော်ဖီ ဇွန်းဝက်ကို ရေမှာ ပျော်ဝင်အောင် ဖျော်ပြီး တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးချိုရောဂါအတွက် ငှက်ပျောရွက်သတ္တုရည် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် အင်ဆူလင်ထုတ်လုပ်မှုကို တိုးစေတက်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချနိုင်ပါတယ်။ ချက်ပြုတ်ထားတဲ့ ငှက်ပျောပွင့် အစားအစာများကိုလည်း စားသောက်နိုင်ပါတယ်။
လည်ချောင်းနာခြင်းနဲ့ သွေးဝမ်းသွားခြင်းအတွက် ငှက်ပျောပွင့်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်စာကို သကြား ကော်ဖီ ၂ ဇွန်းထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အရွယ်တော်ငှက်ပျောသီးမှည့် ၁-၂ လုံး နေ့စဥ် စားသောက်ပေးခြင်းဖြင့် ဝမ်းမှန်စေပြီး အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ငှက်ပျောသီး ပုံမှန် စားသောက်ပေးခြင်းဟာ ဦးနှောက်ကိုလည်း ခွန်အားဖြစ်စေပါတယ်။ မျက်လုံး ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
ပြည်တည်နာများမှာ ငှက်ပျောသီးမှည့်ကို ချေပြီး အုံပေးထားခြင်းဖြင့် ပြည်များကို စင်ကြယ်စေပြီး အနာကိုက်ခဲခြင်းကို သက်သာစေပါတယ်။
အရွက်နုများကို အပူလောင်ခြင်းနဲ့ အခြား အရေပြားရောဂါများပေါ်မှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ငှက်ပျောသီး အခွံစိမ်းနဲ့ ဖွင့်ဖတ်တို့ကို အခြောက်ခံ လက်ဖက်ခြောက် ပြုလုပ်ပြီး ရေနွေးကြမ်း သောက်ပေးခြင်းဖြင့် ကိုယ်တွင်းခုခံအားကို တိုးတက်စေပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနဲ့ နာတာရှည်ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။
ဆီးနီ၊ ဆီးဝါ၊ ဆီးပူ၊ ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်နဲ့ ဆီးလမ်းကြောင်း ကျောက်တည်ခြင်းတို့အတွက် ပင်စည်သတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်စာ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အဆိပ်ရှိ သတ္တဝါများ ကိုက်ခဲခြင်းအတွက် ငှက်ပျောပင်စည် သတ္တုရည် တခါသောက် ၁ ဖန်ခွက်ကို နာရီဝက်ခြား ၁ ကြိမ်ခန့် သောက်ပြီး အဖတ်ကို ဒဏ်ရာပေါ်မှာ အုံပေးပြီး ၃ နာရီခြား ၁ ကြိမ် လဲလှယ်ပေးပါ။
ငှက်ပျောပင်၊ ငှက်ပျောဖူး ဟင်းလျာများ စားသောက်ပေးခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူများအတွက် အထောက်အကူပြုနိုင်ပါတယ်။
အမျိုးသမီးများ မီးယပ်အဖြူဆင်းခြင်း၊ သွေးလွန်ခြင်းတို့အတွက် ငှက်ပျောဖူးပြုတ်ရည် ရေနွေးကြမ်း ပန်းကန်တဝက်ကို သကြားအနည်းငယ်၊ ဆားအနည်းငယ် ထည့်ပြီး တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အစာအိမ်အပူလောင် ဝေဒနာအတွက် ငှက်ပျောပင်အမြစ် သတ္တုရည် ကော်ဖီ ၂ ဇွန်းခန့် တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးကျိတ်ရောင်ရမ်းခြင်းအတွက် ငှက်ပျောမြစ် သတ္တုရည် တခါသောက် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်း ရောစပ်ပြီး တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အဆစ်များ နာကျင်ရောင်ရမ်းခြင်းအတွက် ငှက်ပျောမြစ် သတ္တုရည် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းဖြင့် တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ရောင်နေတဲ့ အဆစ်တဝိုက် သတ္တုရည်ကို လိမ်းကျံပေးနိုင်ပါတယ်။
ငှက်ပျောပင်ထွက်ပစ္စည်းများမှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ ငှက်ပျောသီးနဲ့ ဓာတ်မတည့်သူများလည်း ငှက်ပျောပင်ထွက် ပစ္စည်းများကို ရှောင်ကြဥ်ပါ။ ငှက်ပျောဖူးကို အလွန်အကျူး စားသောက်ခြင်းဟာ လေထိုး လေအောင့်ခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ လေချုပ်ခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
နွေဦးပြည်သူများ ကျန်းကျန်းမာမာဖြင့် တော်လှန်ရေးခရီးဆုံးအထိ လျှောက်လှမ်းနိုင်ကြပါစေ။
ခရီးဆုံးပန်းတိုင်မှာ အတူတူ ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။