ရန်ကုန်မြို့မှာ စက်သုံးဆီအရောင်းဆိုင်တချို့က စက်သုံးဆီတွေကို မော်တော်ယာဉ်တွေအတွက် ဈေးနှုန်းတမျိုး၊ ပုံးခွံ၊ ပေပါတွေအတွက် ဈေးနှုန်းတမျိုးနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။
လက်ရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဒီဇယ်တလီတာကို ကျပ် ၂,၅၀၀ ကျော်ကနေ ၂,၆၀၀ ကျော်အထိ ဈေးနှုန်းသတ်မှတ်ထားပေမဲ့ ဆီဆိုင်တချို့ဟာ ပေပါ ဒါမှမဟုတ် ပုံးခွံအလွတ်နဲ့ လာရောက်ဝယ်ယူတယ်ဆိုရင် တလီတာကို ကျပ် ၃,၀၀၀ ကျော်နဲ့ ရောင်းချနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
အငှားယာဉ်မောင်းတဦးက “ဓာတ်ဆီတော့မရောင်းဘူး။ ဒီဇယ်သီးသန့်ပဲ ရောင်းတာ။ ဆိုင်ကယ်တို့၊ ဘေးတွဲတို့ဆိုရင် တချို့ဆိုင်တွေက ဓာတ်ဆီ လုံးဝမရောင်းဘူး။ ဒီဇယ်ကို ဘာလို့ အဲ့ဒီလိုရောင်းတာလဲ မေးကြည့်တော့ သူတို့က ခဏခဏလာဝယ်နေလို့ အဲ့ဒီလိုသတ်မှတ်လိုက်တာတဲ့” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေ တည်ငြိမ်မှုမရှိသလို မကြာခဏ ဆီပြတ်လတ်မှုတွေ ဖြစ်ပေါ်နေပြီး အခုအခါ ပြင်ပပေါက်ဈေးအနေနဲ့ ဓာတ်ဆီတလီတာကို ကျပ် ၃,၅၀၀ လောက်အထိ ပေးနေရပြီး ဒီဇယ်တလီတာကို ၃,၀၀၀ ကျပ်လောက် ပေးဝယ်နေရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စက်သုံးဆီရည်ညွှန်းဈေးတွေကို သတ်မှတ်ထားပေးပေမဲ့ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တွေဟာ သတ်မှတ်ပေးထားတဲ့ ဈေးအတိုင်း ရောင်းချတာမျိုးမရှိဘဲ ဝယ်ယူမှုအပေါ် မူတည်ပြီး ဆီကို လျှော့ချရောင်းတာမျိုးတွေ ဖြစ်နေတယ်လို့ ယာဉ်မောင်းတွေက ဆိုပါတယ်။
ကုမ္ပဏီယာဉ်မောင်းတဦးကလည်း “သူတို့က ၂,၇၀၀ သတ်မှတ်ထားတယ် ဆိုပေမဲ့ ဆိုင်က အမြတ်နည်းနည်းတင်ရင် ၂,၈၀၀ ပဲ ထားပါတော့။ အရင်က ၂,၈၀၀ ဖိုး ထည့်မယ်ဆိုရင် ဥပမာ ဆီဂိတ် နှစ်တုံး ရပေမဲ့ အခုက တတုံးပဲ ရတော့တယ်။ ဝယ်တဲ့သူတွေကလည်း ၅,၀၀၀ ဖိုး၊ ၁ သောင်းဖိုး ဝယ်ကြတာများတော့ ဘယ်လောက်ရတယ်ဆိုတာ မသိနိုင်ဘူး” လို့ ပြောပါတယ်။
အခုအခါ စက်သုံးဆီကြီးကြပ်မှုကော်မတီက တိုက်ပွဲတွေနဲ့ နီးကပ်နေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ စက်သုံးဆီရည်ညွှန်းဈေးကို ဓာတ်ဆီတလီတာကို ကျပ် ၂,၉၀၀ ကျော်ကနေ ၃,၀၀၀ သတ်မှတ်ထားပြီး ဒီဇယ်တလီတာကို ကျပ် ၂,၇၀၀ ကျော်လို့ သတ်မှတ်ထားပေမဲ့ စစ်တွေမြို့မှာ ဓာတ်ဆီတလီတာကို ကျပ် ၃,၅၀၀ အထိ ဈေးပေါက်နေပါတယ်။