စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် လျှပ်စစ်ရုံးရှေ့မှာ ဖေဖော်ဝါရီ ၇ ရက် မနက် ၆ နာရီကျော်က ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နီးစပ်သူတဦးက “ရွှေဇင်ယော်ကားဂိတ်က ဂိတ်မှူးကိုထိတာ။ ညာဘက်ခြေထောက်ကို ဗုံးစထိ သွေးထွက်များလို့ ကသာဆေးရုံကနေ မန္တလေးဆေးရုံကြီးကို လွှဲလိုက်တယ်” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူဟာ ရွှေဇင်ယော်ဂိတ်မှူး ဦးထွန်းထွန်းကျော် ဖြစ်ပြီး မနက်တိုင်း နေထိုင်ရာ ပတ္တမြားရပ်ကွက်ကနေ ကားဂိတ်ထိ လမ်းလျှောက်သွားလေ့ရှိပြီး အခင်းဖြစ်ပွားတဲ့ မနက်က လျှပ်စစ်မီတာရုံးရှေ့အရောက် ပန်းခုံပေါ်ကနေ ပေါက်ကွဲမှုဖြစ်ပြီး ထိမှန်ဒဏ်ရာရသွားတာလို့ ဆိုပါတယ်။
မြို့ခံတဦးက “ကသာဆေးရုံကြီးမှာက ဆရာဝန်ကြီးတွေမရှိတော့ မန္တလေးကို လွှဲတယ်။ သူ့မိသားစုတွေကတော့ မြစ်ကြီးနားမှာကုဖို့ ခေါ်သွားတယ်” လို့ ပြောပါတယ်။
လျှပ်စစ်ရုံးဝင်းထဲမှာ ကင်းစခန်းတွေ အများကြီးရှိနေပြီး အဝင်ဝ ပန်းခုံမှာချထားတဲ့ ဗုံးကနေ ပေါက်ကွဲတယ် ဆိုတာကလွဲရင် ဘယ်အဖွဲ့ရဲ့ လက်ချက်လဲ ဆိုတာကို မသိရသလို အခင်းဖြစ်တဲ့ နေရာက သွေးကွက်တွေကိုလည်း သဲတွေနဲ့ ဖုံးပစ်တယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက် ည ၉ နာရီကလည်း ကသာမြို့၊ အမှတ် ၉ ရပ်ကွက် အထက ၂ ကျောင်းအနီးက ခရိုင်ပညာရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
ကသာမြို့ဟာ စစ်ကိုင်းတိုင်းမြောက်ပိုင်း ကချင်နယ်စပ်မှာတည်ရှိပြီး စစ်ကောင်စီ ထောက်ပို့ ရေလမ်း အဓိကကျတဲ့ ဧရာဝတီမြစ်ကမ်းနားက အရေးပါတဲ့ ခရိုင်မြို့တမြို့ဖြစ်ပြီး စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အားပြိုင်နေတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။