မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက အမျိုးသားအရေးပေါ်အခြေအနေအဖြစ် ကြေညာထားတာကို နောက်ထပ် ၁ နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ သမ္မတအိမ်ဖြူ တော်က ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်စေတဲ့အတွက် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမိန့်နဲ့ ဖေဖော်ဝါရီ ၇ ရက်စွဲနဲ့ ခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီအမိန့် သက်တမ်းတိုးမှုကို အမေရိကန်လွှတ်တော်ကိုလည်း အသိပေးစာ ပေးပို့ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ နိုင်ငံတော်အာဏာကို စစ်အုပ်စုက မတရားသိမ်းယူခဲ့တဲ့ ၃ နှစ် ကျော်ကာလတွေအတွင်း ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားခဲ့တဲ့ အရပ်သားအစိုးရကို ဖြုတ်ချကာ အစိုးရ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို မတရား ဖမ်းဆီးထိန်းသိမ်းတာတွေ၊ သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဖော်ပြခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ပယ်ချပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တရား ဥပဒေစိုးမိုးရေးကို ပျက်ပြားစေကာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒကို ထူးထူးခြားခြား ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံ့အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကတော့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ပါတီစုံရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက်လို့ဆိုကာ စစ်အုပ်ချုပ်ရေးကာလကို သက်တမ်း ၆ လ ထပ်တိုးထားပါတယ်။
ဒါ့အပြင် အခု ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက် ယူပြီးနောက် အဲဒီကရလာတဲ့ စာရင်းတွေပေါ်မူတည်ပြီး ခိုင်မာမှန်ကန်တဲ့ မဲစာရင်းတွေ ထပ်ရလာရင် ရွေးကောက်ပွဲကို အကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးပမ်းမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြိမ်ကြိမ် ထုတ်ပြောနေပေမယ့် ဒါဟာ ဖြစ်နိုင် ချေနည်းပြီး မရေရာသေးဘူးလို့လည်း လေ့လာသူတွေက ပြောထားပါတယ်။