ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်က ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေရဲ့ ရုံးတွေနားမှာ ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ခဲ့လို့ လူ ၂၆ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၇ ရက်မှာ ပြောပါတယ်။
အထွေထွေရွေးကောက်ပွဲအကြို လုံခြုံရေးအတွက် စိုးရိမ်တာတွေလည်း မြင့်တက်လာခဲ့ပါတယ်။
မကြာသေးမီလတွေအတွင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာတာ၊ စီးပွားရေး အကျပ်အတည်းနဲ့ နျူးကလီးယားလက်နက်ရှင် ပါကစ္စတန်ကို ခြိမ်းခြောက်နေတဲ့ တခြား ပြဿနာတွေကြားမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသူ အင်မရမ်ခန်းကို ထောင်ချလိုက်တဲ့ သတင်းက သတင်းခေါင်းကြီးပိုင်းတွေကို လွှမ်းမိုးထားခဲ့ပါတယ်။
ပါကစ္စတန်မှာ ဖေဖော်ဝါရီ ၈ ရက်က ရွေးကောက်ပွဲ မဲပေးမယ့်နေ့ဖြစ်လို့ မဲရုံတွေမှာ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လူ ၁၄ ဦး သေဆုံးခဲ့တဲ့ ပထမဆုံး တိုက်ခိုက်မှုဟာ ပီရှင်းခရိုင်က တသီးပုဂ္ဂလ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းရုံးမှာ ဖြစ်ခဲ့တာပါ။
အာဖဂန်နယ်စပ်နားက ကီလာ ဆိုင်ဖိုလာမြို့က ဒုတိယအကြိမ် ပေါက်ကွဲမှုဟာ စစ်သွေးကြွ တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်ဖူးတဲ့ ဘာသာရေးပါတီ ဂျေမီးယတ် အူလေမာ အစ္စလာမ် (JUI) ရုံးနားမှာ ပေါက်ကွဲခဲ့တာလို့ ပြည်နယ် ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။
ရုံးခန်းနားမှာ ရပ်ထားတဲ့ ဆိုင်ကယ်တစီးကနေ စခဲ့တဲ့ ပေါက်ကွဲမှုမှာ လူ ၁၂ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ရဲ့ လက်ထောက်ကော်မရှင်နာ ယာဆာ ဘာဇိုင်းက ပြောခဲ့ပါတယ်။
တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူတွေရှိတယ်ဆိုတာ ချက်ချင်းမသိရသေးပါဘူး။
Source/Photo-Reuters