ကိုလံဘီယာအစိုးရနဲ့ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) သူပုန်တွေဟာ ဖေဖော်ဝါရီ ၆ ရက်က စတင်ပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပြီး အဲဒီနေ့မှာပဲ လုပ်ငန်းစဉ်ကို ငွေကြေးထောက်ပံ့ပေးမယ့် အလှူရှင်အများအပြားက ကျောထောက်နောက်ခံပြုထားတဲ့ ရန်ပုံငွေတခုကို ထူထောင်ထားကြောင်းလည်း ကြေညာခဲ့ပါတယ်။
ရန်ပုံငွေကို အဂတိလိုက်စားမှု ရှောင်ရှားနိုင်အောင် “ပွင့်လင်းမြင်သာမှု” နဲ့ စီမံခန့်ခွဲရမယ်လို့ ELN ရဲ့ ညှိနှိုင်းရေးအဖွဲ့ အကြီးအကဲ ပတ်ဘလို ဘဲလ်ထရန်က ပြောကြားခဲ့ပါတယ်။
ELN သူပုန်တွေဟာ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေချိန်အတွင်း ပြန်ပေးဆွဲမှုတွေကို ဆိုင်းငံ့ထားပေမဲ့ ELN ခေါင်းဆောင်တွေဟာ သူတို့အဖွဲ့ဝင်တွေကို အစားအသောက်နဲ့ အဝတ်အထည်တွေ ပေးအပ်ဖို့အတွက် အစိုးရဆီမှာ ငွေကြေးအရင်းအမြစ်ကို အဓိက တောင်းဆိုခဲ့ပါတယ်။
ဒီကိစ္စဟာ တခြား ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကြားမှာ သူတို့ဖြေရှင်းပြောဆိုနေတဲ့ အရေးတခုလည်း ဖြစ်ပါတယ်။
ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုဟာ လူပေါင်း ၄ သိန်းခွဲကျော် သေဆုံးခဲ့ရတဲ့ တောင်အမေရိကနိုင်ငံရဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာ ပဋိပက္ခကို အဆုံးသတ်ဖို့ အလုံးစုံငြိမ်းချမ်းရေး မူဝါဒရဲ့ တစိတ်တပိုင်းအနေနဲ့ ELN နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ၂၀၂၂ ခုနှစ်မှာ ပြန်လည်စတင်ခဲ့ပါတယ်။
အခုချိန်ထိ ပေထရို အစိုးရဟာ ELN နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၆ ကြိမ် ကျင်းပခဲ့ပြီး ဒီလုပ်ငန်းစဉ်ကို မက္ကဆီကို၊ နော်ဝေး၊ ဗင်နီဇွဲလား၊ ကျူးဘား၊ ဘရာဇီးနဲ့ ချီလီတို့က အာမခံနိုင်ငံတွေ အဖြစ် ပါဝင်ဆောင်ရွက် ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။
ကိုလံဘီယာအစိုးရဟာ အခုခါ အဖွဲ့ပြိုကွဲသွားပြီဖြစ်တဲ့ ကိုလံဘီယာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ (FARC) ရဲ့ အတိုက်အခံ သူပုန်ဟောင်းတွေထဲက အကြီးဆုံးအုပ်စုဖြစ်တဲ့ Estado Mayor Central (EMC) အဖွဲ့နဲ့ လည်း ညှိနှိုင်းနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters