Home
နိုင်ငံတကာ
ဂါဇာတွင် ကျန်နေသည့် ဓားစာခံများထဲက ၃၁ ဦး သေဆုံးသွားပြီဟု အစ္စရေးပြော
DVB
·
February 8, 2024
Israel's chief military spokesperson: 31 hostages in Gaza are dead

ဂါဇာမှာ ကျန်နေသေးတဲ့ ဓားစာခံတွေထဲက ၃၁ ဦးဟာ သေဆုံးသွားပြီလို့ ကြားသိထားရကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ဖေဖော်ဝါရီ ၆ ရက်မှာ ပြောပါတယ်။

အသက်ရှင်နေသူတွေထဲမှာ သူတို့ချစ်ခင်ရသူတွေ မရှိတော့ကြောင်း ဓားစာခံတွေရဲ့ မိသားစု ၃၁ စုဆီကို အကြောင်းကြားထားပြီးတော့ သူတို့သေဆုံးသွားပြီလို့လည်း ကြေညာထားကြောင်း ဟာဂါရီက ပုံမှန် မီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ ဓားစာခံ ၁၃၆ ဦးကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်းလည်း အစ္စရေးက ပြောကြားခဲ့ပါတယ်။ 

အခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အရှေ့အလယ်ပိုင်းကို ရောက်ရှိနေတာဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသမှာ ထိန်းသိမ်းခံထားရတဲ့ အစ္စရေး ဓားစာခံတွေကို လွှတ်ပေးဖို့ရာ ဂါဇာမှာ ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ အလဲအလှယ်လုပ်ဖို့ သဘောတူညီမှုအတွက် ပါလက်စတိုင်း ဟားမတ်စ်တွေနဲ့ ညှိနှိုင်းပြောဆိုမယ့် အီဂျစ်နဲ့ကာတာ တို့ကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။ 

ဟားမတ်စ်အဖွဲ့ရဲ့ တယ်လီဂရမ်ချန်မှာတော့ ဂါဇာကမ်းမြောင်အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူဘောင်ကို တုံ့ပြန်ကြောင်း ဖေဖော်ဝါရီ ၆ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ဟားမတ်စ်တို့က အပြုသဘောဆောင်တဲ့ သဘောထားနဲ့ တုံ့ပြန်တာဖြစ်ကြောင်းနဲ့ ကျယ်ပြန့်ပြီး ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးကို အာမခံရေး၊ ပါလက်စ်တိုင်းပြည်သူတွေအပေါ် ရန်လိုမှု အဆုံးသတ်ရေး၊ ကယ်ဆယ်ထောက်ပံ့မှု၊ ခိုနားစရာနဲ့ ပြန်လည်တည်ဆောက်ရေးကို အာမခံရေး၊ ဂါဇာကမ်းမြောင်မှာ ဝိုင်းထားတဲ့ တပ်ဖွဲ့တွေကို ရုပ်သိမ်းပြီးတော့ အပြီးအစီး အကျဉ်းသားလဲလှယ်ရေးတို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဟားမတ်စ်အဖွဲ့က ကာတာနဲ့အီဂျစ် ကြားဝင်ဖျန်ဖြေသူတွေကို တုံ့ပြန်အဆိုပြုခဲ့တဲ့ အဆင့် ၃ ဆင့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ထဲမှာ အောက်တိုဘာ ၇ ရက်က ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေကို ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ လဲလှယ်ပေးရေး၊ ဂါဇာကမ်းမြောင် ပြန်လည်တည်ဆောက်ရေးကို ဘေးကင်းလုံခြုံစေရေး၊ အစ္စရေးတပ်တွေ အပြီးအပိုင် ဆုတ်ခွာဖို့ သေချာရေးအပြင် ရုပ်အလောင်းတွေနဲ့ ရုပ်ကြွင်းတွေကို လဲလှယ်ခြင်း၊ စတဲ့အချက်တွေ ပါဝင် ပါတယ်။

ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ အပစ်အခတ်ရပ်စဲရေးဟာ အနည်းဆုံး ရက်ပေါင်း ၄၀ ကြာမြင့်မယ်လို့ ပြောနေကြပါတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024