ပြည်သူ့ကာကွယ်ရေးတပ်တွေ နိုဝင်ဘာ ၆ ရက်ကစပြီး ဖေဖော်ဝါရီ ၇ ရက်အထိ ၃ လ ကျော် ထိန်းသိမ်းထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို အင်အားအလုံးအရင်းနဲ့ တိုက်စစ် ဆင်လာတဲ့ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ၁ သောင်းကျော် နေရပ်စွန့်ခွာနေကြရပါတယ်။
ဒေသခံတဦးက “စစ်ကြောင်း စလှုပ်ရှားတာက ၁ ရက်နေ့ ကစပြီး ရဟက်ယာဥ်တွေ သုံးပြီး ကိုးတောင်ဘို့နဲ့ ဝန်းသိုတပ်ရင်းတို့တွေစီကို အင်အားဖြည့်တယ်။ ၂ ရက်နေ့ကစပြီး ဝန်းသိုဘက်က ရော၊ ကိုးတောင်ဘို့ဘက်က ရောပြီး စစ်ကြောင်း စထွက်တယ်။ စစ်ကြောင်းစထွက်ကတည်းက စစ်ဘေးရှောင်နေရပြီပေါ့ဗျာ။ ဒုက္ခတော့ ရောက်တာပေါ့။ ဒီစစ်ပွဲကြီး မြန်မြန်လည်း ပြီးစေချင်ပါပြီ။ အထက်လူကြီးများလည်း ဒေသခံတွေ သနားတယ်ဆိုရင် မြန်မြန်ဒီစစ်ပွဲကြီး အဆုံးသတ်ပါတော့” လို့ ပြောပါတယ်။
ကောလင်းမြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်တဦးက “တိုက်ပွဲက ဖေဖော်ဝါရီ ၅ ရက် မနက်ကစလို့ စဖြစ်တယ်။ စစ်ကြောင်းက ၅ ကြောင်း ထိုးနေတာပါ” လို့ ပြောပါတယ်။
စစ်တပ်က ကောလင်းမြို့နဲ့ ၂ မိုင်အကွာအထိ ထိုးစစ်ဆင်နိုင်ပြီလို့ စစ်တပ်တယ်လီဂရမ်တွေက ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေမှာလည်း ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၁ နာရီလောက်က စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ပြည်သူတွေ စစ်ဘေးရှောင်နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းက ရေဦးမြို့နယ်တခုလုံးကို အကြိမ်ကြိမ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ အလုပ် မလုပ်နိုင်တော့ဘဲ စားဝတ်နေရေးအတွက် အခက်အခဲ ရင်ဆိုင်နေကြရတယ်လို့လည်း ဒေသခံရွာသားတွေက ပြောပါတယ်။
ရေဦးနယ်ဒေသခံရွာသာတဦးက “သူတို့ကတော့ နယ်မြေရှင်းလင်းရေး တပတ် ၂ ကြိမ်လောက် စစ်ကြောင်းထိုးနေတာ။ သူတို့လာတိုင်း ၄ ရက် ၅ ရက်လောက် ရွာက ပြေးရတာ။ ပြေးနေရတဲ့ အချိန်က များတာဆိုတော့ ထမင်းစားဖို့ရာတောင် အလုပ်ကို မလုပ်နိုင်ဘူး။ ဒီအတိုင်းသာဆိုရင် ရွာသားတွေကတော့ အကုန်ငတ်သေကုန်ကြတော့မှာပဲ” လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကြောင်းထိုးနေတာကြောင့် ရေဦးမြို့နယ် အနောက်ခြမ်းက ကျေးရွာ ၁၁ ရွာက ဒေသခံ ၈၀၀၀ ကျော် နေရပ်စွန့်ခွာနေကြရပြီး နေ့ခင်း ၂ နာရီအထိ စစ်ကြောင်းက ငြုတ္တုံ ရွာမှာ ယာယီ တပ်စွဲနေတယ်လို့ ရေဦးပအဖထံကနေသိရပါတယ်။
စစ်ကြောင်း ဝင်တာကြောင့် ကုက္ကိုစုရွာ၊ မူးသာကုန်းရွာ၊ ရွာသာလေးရွာ၊ မုတ်စီရွာ၊ ငြုတ္တုံရွာ၊ ပြည်တော်ရွာ၊ ကုန်းကြီးရွာ၊ ကုန်းတန်းရွာ၊ နှောကုန်းရွာ၊ ဇဝရွာ၊ ရွာမိဿာရွာ၊ မူးဆုံရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေရတာလို့ ရေဦးမြို့နယ် ပအဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်တပ်က ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်ဘက်တွေကို အခုလို စစ်ကြောင်းထိုးနေတာဟာ ပြည်သူကာကွယ်ရေးအဖွဲ့တွေက ကောလင်မြို့ တိုက်ပွဲအတွက် စစ်ကူ သွားလို့ မရအောင် ဟန့်တားတာမျိုးဖြစ်နိုင်သလို စစ်ဗျူဟာအရ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အာရုံပြောင်းတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံပြည်သူကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။