ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေနဲ့ မီးလောင်ဗုံးအသုံးပြုပြီး ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးတာတွေရှိတယ်လို့ တော်လှန်ရေးအင်အားစုက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက တံတားဦးပန်းခြံအနီးမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် ဝေဟင်ကနေ မီးလောင်ဗုံးတွေ အသုံးပြုကာ ဒရုန်းဗုံးကြဲချတာကြောင့် ခရင်းကုန်း(ဆေးရုံကုန်း)အနောက်ဘက် နေအိမ်တွေမီးလောင် ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူတဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီလောက်ကလည်း ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံ ၃၁၃ အမြောက်တပ်နဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး ၁ ယောက်အနီး ကျည်ကျရောက်ပေါက်ကွဲပြီး နေရာမှာတင် သေဆုံးခဲ့ရပါတယ်။
ဒါအပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် လျှပ်စစ်မီးတိုင်း တွေပါ ပြိုကျပျက်စီးခဲ့လို့ မြို့က တော်တော်လေးပျက်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ကော့ကရိတ် မြို့တွင်းမြို့ပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ ၁ သိန်းနီးပါးဟာ စစ်ရှောင်စခန်း ၁၀၀ နီးပါး စစ်ဘေးရှောင်နေရပါတယ်။
စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အတူ စစ်ရှောင်ပြည်သူတွေဟာ စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၂၀ နီးပါး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတဲ့အပြင် နေအိမ် ၅၀ ကျော်ထိမှန်ပျက်စီးခဲ့တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။