တောင်ကိုရီးယားနိုင်ငံဆီ ရာသီချိန်အလုပ်သမား စေလွှတ်ပေးမယ်ဆိုပြီး ရန်ကုန်မြို့မှာ ငွေလိမ်လည်နေသူတွေထဲမှာ စစ်တပ်အရာရှိဟောင်းတွေ ပါဝင်နေတယ်လို့ ကိုယ်တိုင် လိမ်လည်ခံထားရသူတွေက ပြောပါတယ်။
လိမ်လည်သူတွေက ရာသီလုပ်သားစေလွှတ်ခွင့်ရထားပြီဆိုပြီး အလုပ်သမားတွေကို စုဆောင်းကာ ငွေကြိုတင်တောင်းခံနေတာဖြစ်ပြီး အလုပ်သမားက သံသယရှိလို့ ငွေပြန်တောင်းရင် ပြန်မပေးဘဲ ပြန်လည် ခြိမ်းခြောက်မူတွေရှိနေတယ်လို့ဆိုပါတယ်။
ကိုယ်တိုင်လိမ်လည်ခံရသူတဦးက "ကုမ္ပဏီက လူကြီးဆိုတဲ့သူက စစ်တပ်ကအ ရာရှိဟောင်း၊ ပြန်မပေးနိုင်ဘူး၊ ကြိုက်တဲ့နေရာတိုင်၊ နင်တို့ပဲ ဒုက္ခရောက်သွားမယ်ဆိုပြီး ခြိမ်းခြောက်တယ်"လို့ ပြောပါတယ်။
အလုပ်သမားတွေကို စည်းရုံးရာမှာလည်း ကုမ္ပဏီက စစ်တပ်နဲ့ ဆက်နွှယ်နေတာကြောင့် ခိုင်မာယုံ ကြည်ရတယ်ဆိုပြီး ပြောဆိုတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက ဆိုပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရသူတဦးက "သူတို့က စစ်တပ်နဲ့ ပတ်သက်ဆက်စပ်မှု ရှိမှာတော့ သေချာတယ်။ အဲဒါကြောင့်လည်း ပြောင်ပြောင်တင်းတင်းလုပ်ရဲနေတာ။ ဆက်ပြီးမပတ်သက်ချင်တော့လို့ စရံငွေ အဆုံးခံလိုက်တယ်"လို့ ပြောပါတယ်။
အဲဒီလို တောင်ကိုရီးယားကို ရာသီချိန်လုပ်သားလွှတ်ပေးမယ်ဆိုတဲ့ လိမ်လည်မှုတွေဟာ ရန်ကုန်အပါအဝင် မြန်မာပြည်အနှံ့မှာ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။
လိမ်လည်သူတွေက အလုပ်သမားတဦးကို ငွေကျပ် ၁၀ သိန်းကနေ သိန်း ၈၀ လောက်အထိကို အရစ်ကျ ရယူထားကြတာဖြစ်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
အဲဒီလိုအလုပ်သမားစုဆောင်းတာကို နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီကနေ စတင်ခဲ့ပြီး အခုနောက်ပိုင်း နေရာအနှံ့ လိမ်လည်တဲ့အဖွဲ့တွေ အများအပြား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အလုပ်သမားအများအပြားဟာ ငွေလိမ်လည်ခံထားရသလို ဆက်ပြီး လိမ်လည်ခံနေရသူတွေလည်း ရှိနေတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ဆိုပါတယ်။
တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံကနေ ရာသီချိန် လုပ်သားခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ထုတ်ဖော်ပြောကြားထားတဲ့ကြားက လိမ်လည်မှုတွေ ဆက်ရှိနေတာလည်း ဖြစ်ပါတယ်။