ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာမှာ စစ်ကောင်စီက ဒီနေ့မနက် လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၂ ဦး သေဆုံခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။
လွယ်ပွတ်ရွာအရှေ့ဘက်မှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) တပ်တို့ ဒီနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တာလို့ ဆိုပါတယ်။
လွယ်ပွတ်ရွာသားက "မနက် ၆ နာရီကတည်းက ရွာအရှေ့ဘက်မှာ တိုက်ပွဲစဖြစ်တယ်။ ရွာထဲမဖြစ်ဘူး။ ကလေး နှစ်ယောက်ကတော့ အိမ်ရှေ့မှာ ဆော့နေတာ။ ၈ နာရီကျော်တော့ ရွာထဲ ဗုံးလာကြဲတယ်။ ကလေး နှစ်ယောက်ကိုထိပြီး ချက်ချင်းပဲ ဆုံးသွားတယ်။ ကလေးတွေ ခန္ဓာကိုယ်လည်း တစစီပြတ်ထွက်သွားတယ်" လို့ ပြောပါတယ်။
သေဆုံးသွားသော ကလေးငယ်နှစ်ဦးမှာ အသက် ၈ နှစ်နဲ့ အသက် ၁၂ နှစ်အရွယ်တွေ ဖြစ်ပြီး ရွာသားတွေလည်း ဘေးကင်းရာ တောတောင်ထဲ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ရွာခံနောက်တဦးက ပြောပါတယ်။
"ထွက်ပြေးတော့ ဘားမှ မယူခဲ့ရဘူး။ ထွက်လာတုန်းလည်း လက်နက်ကြီး၊ လေယာဉ်ဗုံးကြဲ၊ ကျည်ဆန်တွေကြား ထွက်ပြေးလာတာ။ အိမ်တွေလည်း မီးလောင်နေတာ တွေ့နေရတယ်။"
စစ်ကောင်စီတပ်က ရွာထဲမှာ PNLA နဲ့ တော်လှန်ရေးအဖွဲ့က ရွာထဲမှာရှိတယ်ဆိုတဲ့ အထင်နဲ့ ဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၇ ရက် မနက် ၇ နာရီခွဲ ပတ်ဝန်းကျင်မှာလည်း ထီတမောင်းရွာ ဘုန်းကြီးကျောင်းဝင်းထဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဇရပ်ထိမှန်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ထီတမောင်းရွာက ဆီဆိုင်နဲ့ ၁၀ မိုင်လောက်ဝေးတယ်။ လက်နက်ကြီး ကျည်ထိတာ။ ဘုန်းကြီးကျောင်းက ဇရပ်ပျက်စီးသွားတယ်" ဒေသခံတဦးက ပြောပါတယ်။
ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်မှာ ဖေဖော်ဝါရီ ၆ ရက်က နေရပ်ပြန်ပြီး ပစ္စည်းပြန်ယူတဲ့ ဒေသခံ နှစ်ယောက်ကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးပြီး ဖမ်းမိတဲ့ ဒေသခံ တယောက်ရဲ့ လက်ကို ဓားနဲ့ ခုတ် ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ်နောင်အယ်ရွာက ဦးခွန်ဘအောင် (၅၁) နှစ်ကို ဆီဆိုင်မြို့မြောက်ဘက်တနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရိုက်နှက်ခဲ့တာမို့ ဆိုက်ခေါင်တိုက်နယ် ဆေးရုံမှာ သေဆုံးသွားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က ဖေဖော်ဝါရီ ၆ ရက် ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့မှာပဲ ဆီဆိုင်မြို့နယ် အောင်သပြေရပ်ကွက်က ဆောက်လုပ်ပြီးကာစ တိုက်တလုံးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို PNLA နဲ့တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ သိမ်းပိုက်ပြီနောက် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ ၄ သောင်း ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့မှာ စစ်ကောင်စီက လက်နက်ကြီးအပါအဝင် လေယာဥ်နဲ့ ဗုံးကြဲနေတာကြောင့် ပြည်သူတွေ နေအိမ်ပြန်တာ ပစ္စည်းသယ်တာတွေ မပြုလုပ်ကြဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO) က မေတ္တာရပ်ခံထားပါတယ်။