ဟားမတ်စ်တွေ ဖမ်းထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် သဘောတူညီချက်တခုပေါ်မှာ အရွေ့အပြောင်းတချို့ ရှိနေပြီလို့ သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဟားမတ်စ်ထိပ်ပိုင်းခေါင်းဆောင် အနည်းငယ်လောက်ဆီကနေ တုံ့ပြန်မှုရှိကြောင်းနဲ့ အခုလည်း ညှိနှိုင်းမှုတွေ ဆက်လုပ်နေတယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။
အခုသီတင်းပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ အရှေ့အလယ်ပိုင်းကို ရောက်ရှိနေပြီး ဂါဇာကမ်းမြောင်ဒေသမှာ ထိန်းသိမ်းခံထားရတဲ့ အစ္စရေး ဓားစာခံတွေကို လွှတ်ပေးဖို့ရာ ဂါဇာမှာ ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ အလဲအလှယ်လုပ်ဖို့ သဘောတူညီမှုအတွက် ပါလက်စတိုင်း ဟားမတ်စ်တွေနဲ့ ညှိနှိုင်းပြောဆိုမယ့် အီဂျစ်နဲ့ ကာတာ တို့နဲ့ပါ ဆွေးနွေးမှု လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဟားမတ်စ်ဟာ ဓားစာခံသဘောတူညီချက် မူဘောင်ကို တုံ့ပြန်ခဲ့ကြောင်း အိမ်ဖြူတော် သတင်း ပြန်ကြားရေးအရာရှိက ဖေဖော်ဝါရီ ၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ဟာ ဓားစာခံသဘောတူညီချက်အတွက် ဟားမတ်စ်တွေရဲ့တုံ့ပြန်ပုံကို ပြန်သုံးသပ်ဦးမှာ ဖြစ်ကြောင်းနဲ့ သဘောတူညီချက် မရသေးခင် လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့လည်း ဆိုပါတယ်။
ဟားမတ်စ်ကလည်း ဓားစာခံတွေ လွတ်မြောက်ရေးပါဝင်မှာဖြစ်တဲ့ ဂါဇာအတွက် အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တုံ့ပြန်ထားကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပြီး အမေရိကန်ကလည်း သဘောတူညီချက်တခု ရနိုင်တယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်း ပြောပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ တုံ့ပြန်မှုအသေးစိတ်အချက်အလက်တွေကို စေ့စပ်ညှိနှိုင်းမှုမှာ ပါ၀င်တဲ့ တာဝန်ရှိသူတွေက စေ့စေ့စပ်စပ် အကဲဖြတ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက အင်္ဂါနေ့နှောင်းပိုင်းမှာ ပြောပါတယ်။
စစ်ပွဲကို အဆုံးသတ်ပြီးတော့ အစ္စရေးတပ်တွေ ဂါဇာကနေ ထွက်ခွာသွားမယ်ဆိုတဲ့ အာမခံချက် မရှိဘဲ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ဟာ ဓားစာခံတွေကို လွှတ်ပေးမှာ မဟုတ်ဘူးလို့ အမည်မဖော်လိုသူ ဟားမတ်စ်တာဝန်ရှိသူ တဦးက ရိုက်တာကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters