အီကွေဒေါနဲ့ စပိန်ရဲတပ်ဖွဲ့တို့ဟာ အယ်လ်ဘေးနီးယား ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် တပြိုင်နက်တည်း စစ်ဆင်ရေးတွေ ပြုလုပ်ပြီးတော့ အနည်းဆုံး လူအယောက် ၃၀ လောက်ကို ဖမ်းဆီးခဲ့ကြောင်း အက်ကွေဒေါ ရှေ့နေချုပ်ရုံးက ဖေဖော်ဝါရီ ၆ ရက်မှာ ပြောပါတယ်။
၂ နိုင်ငံစလုံးမှ အစိုးရရှေ့နေတွေဟာ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ ဆက်စပ်နေတဲ့ အီကွေဒေါပြည်နယ် ၆ ခုနဲ့ စပိန်မြို့ကြီး ၄ ခုမှာ စီးနင်းမှုပေါင်း ၅၇ ခု ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး တရားမဝင် တင်ပို့ရောင်းချဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းတခုကို ဖြိုခွင်းခဲ့ကြောင်း အက်ကွေဒေါ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ အကြီးအကဲ ဝီလီယမ် ဗီလာရိုအယ်က ပြောပါတယ်။
ဒီအဖွဲ့အစည်းဟာ ဥရောပ၊ စပိန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ တူရကီတို့လို နိုင်ငံတွေရဲ့ ဆိပ်ကမ်းတွေကို အသုံးပြုခဲ့ပြီးတော့ ဒီဆေးတွေကို ဥရောပမှာ ဖြန့်တယ်လို့လည်း ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှု တလျှောက်လုံးမှာ သက်သေအဖြစ် ကိုကင်း ၂,၃၇၇ ကီလိုဂရမ် သိမ်းဆည်းရမိထားပါတယ်။
အစိုးရရှေ့နေတွေဟာ ငွေသား ၄၈၃,၀၀၀ ဒေါ်လာဝန်းကျင် သိမ်းဆည်းရမိခဲ့ပြီး သေနတ်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့တဲ့အပြင် နေအိမ်ပိုင်ဆိုင်မှုတွေနဲ့ မော်တော်ယာဉ်တွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းမိသူတွေထဲမှာ ကိုလံဘီယာ၊ အာဂျင်တီးနား၊ တရုတ်၊ စပိန်၊ အီကွေဒေါနဲ့ အယ်လ်ဘေးနီးယားတို့မှ လူတွေပါ၀င်တယ်လို့ အီကွေဒေါ ရဲတွေက ပြောကြားခဲ့ပြီး အဲဒီအဖွဲ့ကို အယ်လ်ဘေးနီးယားနိုင်ငံသားတဦးမှ ဦးဆောင်တယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
အီကွေဒေါသမ္မတ ဒယ်နီရယ် နိုဘိုအာက အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားတဲ့ တောင်အမေရိကနိုင်ငံရှိ ရာဇ၀တ်ဂိုဏ်းတွေကို တိုက်ဖျက်ပစ်မယ့် စစ်ရေး ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေချိန်မှာ ဒီစီးနင်းမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Source/Photo - Reuters