မြောက်ကိုးရီးယား ထောက်ပံ့ပေးတဲ့ ဒုံးကျည် ၉ စင်းထက်မနည်းနဲ့ ရုရှားက ယူကရိန်းနိုင်ငံဆီကို ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်က ဖေဖော်ဝါရီ ၆ ရက်မှာ စွပ်စွဲခဲ့ပါတယ်။
အရင်လက ရုရှားစစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်ကို ပစ်ချရာမှာ အမေရိကန်က တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ ရုရှားအစိုးရက စွပ်စွဲခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး ဗာဆေးလီး နီဗျန်ဇီယာနဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုသံအမတ်ကြီး ရောဘတ်ဝုဒ်တို့ဟာ ရုရှားအစိုးရက တောင်းဆိုခဲ့တဲ့ ယူကရိန်းဆိုင်ရာ ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အပြန်အလှန် စွပ်စွဲခဲ့ကြတာပါ။
"ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အောက်က ကာလကြာရှည် တာဝန်တွေကို ပျက်ပြားစေတဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံရမယ်လို့ ဝုဒ်က အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားအစိုးရတွေက အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပေမဲ့ စစ်ဘက်ဆက်ဆံရေးကို နက်ရှိုင်းအောင်လုပ်ဖို့ မနှစ်က ကတိပြုထားပါတယ်။
ရုရှားဟာ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခဲ့ပြီး စစ်ပွဲစချိန်က စလို့ မြောက်ကိုရီးယားနဲ့ အီရန်လို အမေရိကန်ကို ရန်လိုတဲ့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့လို့ အနောက်နိုင်ငံတွေ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။
Source/Photo - Reuters