ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်က စံပြဆေးဆိုင်ပိုင်ရှင် အပါအဝင် ၄ ဦးကို ရက္ခိုင့်တပ်တော် (အေအေ) ထံ ဆေးဝါးပို့ဆောင်ရောင်းချခဲ့တယ်လို့စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ကျောက်ဖြူမြို့တွင်းရှိ ဆေးဆိုင်ကြီးတွေကို စစ်တပ်နဲ့ ရဲအင်အား ၂၀ ကျော်က ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းမှာ လိုက်လံစစ်ဆေးခဲ့ရာ စံပြဆေးဆိုင်တဆိုင်သာ ဖမ်းဆီးရမိသွားပြီး ကျန်ဆေးဆိုင်တွေကတော့ သတင်းကြားတာနဲ့ ဆိုင်တွေပိတ်ပြီး ရှောင်ပြေးကုန်ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ကျောက်ဖြူကနေ လေးတောင်ဘက်ကိုသွားတဲ့ လိုင်းကားပေါ်က ဆေးထုပ်တွေ အများကြီးကို ကျောက်တလုံးဂိတ်မှာ ဖမ်းမိပြီး အထုပ်ထဲက ဆေးဆိုင်ဘောက်ချာနဲ့ အခုလို လိုက်ဖမ်းတယ်လို့ကြားတယ်။ ကျနော့်မိတ်ဆွေပြောတာက အထုပ်ထဲမှာ တခြားဆေးတွေထက် အရက်ပျံနဲ့ ဂွမ်းထုပ်တွေပဲ ပိုများတယ်။”
ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်က စံပြဆေးဆိုင်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး အသက် ၆၀ အရွယ် ဆိုင်ရှင်ဒေါ်ညိုညိုနဲ့ ညီမဖြစ်သူ မဝင်းမာ၊ အရောင်းဝန်ထမ်းတစ်ဦးနဲ့ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းမှာ နေထိုင်တဲ့ ကိုဝင်းကျော် တို့ကိုဖမ်းဆီးသွားပြီး ဆေးဆိုင်တွင်းရှိ ဆေးတွေကိုလည်း သိမ်းယူသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်ထဲက ဆေးရုံ၊ ဆေးခန်းအပြင် ဆေးဆိုင်တွေအနေနဲ့ ဆေးတွေကို ဒေသခံတွေထံ ရောင်းချရာမှာ သုံးရက်စာထက် ပိုမရောင်းဖို့ စစ်ကောင်စီဘက်က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ညွှန်ကြားခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်ရှိ စနဲ၊ မအီနဲ့ ရမ်းဗြဲမြို့နယ်ရှိ လေးတောင်တိုက်နယ်ဆေးရုံတွေနဲ့ ပြင်ပ နေရာတွေမှာ အေအေတပ်ဖွဲ့ဝင်တွေအနေနဲ့ အရပ်သားအသွင်နဲ့ဆေးကုသမှုတွေခံယူနေကြလို့ ဆေးဆိုင်တွေကို လိုက်လံဖမ်းဆီးပြီး ဆေးဝါးပိတ်ဆို့ဖြတ်တောက်တာလို့ စစ်ကောင်စီဝါဒဖြန့်သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။