အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက မြို့တွေမှာ ဖေဖော်ဝါရီ ၆ ရက်က လေပြင်းမုန်တိုင်းတွေကြောင့် မိုးသည်းထန်ပြီး ရေကြီးနေပါတယ်။
လမ်းတွေပေါ်မှာ ရေကြီးနေကာ ရွှံ့မြေပြိုကျပြီး အပျက်အစီးတွေ ကျန်ခဲ့လို့ စန်တီယေဂိုမြို့မှာ ကူညီကယ်ဆယ်ရေဝန်ထမ်းတွေက သန့်ရှင်းရေး ဆက်လုပ်နေပြီး ယာဉ်တချို့ ရေမြုပ်နေဆဲပါ။
အောရိန့်ချ်မြို့နယ်ကမ်းရိုးတန်းအတွက် ရုတ်တရက် ရေကြီးမှုသတိပေးချက်ကို ထုတ်ပြန်ထားပြီး ဆန်ဒီယေဂိုနဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ် တောင်ဘက် အစွန်ဆုံးအထိ ရေလွှမ်းမိုးမှုဆိုင်ရာ အကြံပြုချက် ထုတ်ပြန်ထားပါတယ်။
ကယ်လီဖိုးနီးယားတောင်ပိုင်း ကနေ လော့စ်အိန်ဂျလိစ် ဒေသအထိ ဖေဖော်ဝါရီ ၅ ရက်ကစပြီး မိုးသည်းသည်း ထန်ထန် ရွာခဲ့တာဖြစ်ပြီး ဟာရီကိန်းအဆင့် အင်အားပြင်းလေပြင်းတွေ တိုက်ခတ်ခဲ့လို့ ရုတ်တရက် ရေကြီး မြေပြိုတဲ့ အန္တရာယ်လည်း တိုးလာခဲ့ပါတယ်။
ဂြိုဟ်တု ဓာတ်ပုံတွေထဲမှာတော့ မုန်တိုင်းက ပစိဖိတ်သမုဒ္ဒရာနဲ့ အမေရိကန်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းတို့ဆီ ရောက်နေတာကို ပြသခဲ့ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်တဝန်းမှာ တနင်္လာနေ့ မနက်ပိုင်းက ရေကြီးမှု၊ ဆောင်းရာသီမုန်တိုင်းနဲ့ လေပြင်း တိုက်ခတ်မှုတွေကို လူဦးရေ သန်း ၄၀ လောက် ရင်ဆိုင်ရ လိမ့်မယ်လို့ အမျိုးသားမိုးလေဝသဌာန (NWS) က ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးစမ်းကတော့ သောကြာနေ့ကစပြီး ကမ်းရိုးတန်းကို ပထမဆုံးလေထုမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် ခရိုင် ၈ ခရိုင်မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
Pineapple Express လို့ခေါ်တဲ့ မိုးလေဝသစနစ်ဟာ ဟာဝိုင်အီကျွန်းနားမှာ လေထုအတွင်း မိုင်ထောင်ချီရှည်တဲ့ ရေခိုးရေငွေ့စီးကြောင်းကြီးကြောင့် ဖြစ်လာတာပါ။
လေထုမြစ် မိုးလေဝသစနစ်ဟာ ပျမ်းမျှအားဖြင့် အမေဇုံမြစ်ရဲ့ နှစ်ဆလောက် ပမာဏရှိတဲ့ ရေခိုးရေငွေ့တွေ လေထုထဲမှာ စီးဆင်းနေတဲ့ လေစီးကြောင်း ဖြစ်ပါတယ်။
Source/Photo-Reuters