ရန်ကုန်မြို့ပတ်ရထား ခရီးစဥ်တွေကို စပိန်နိုင်ငံထုတ် ဒီဇယ်လျှပ်စစ်ရထားနဲ့ပါ ထည့်သွင်းပြေးဆွဲပေးသွားမှာဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး) က သိရပါတယ်။
ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းမှာ ပြေးဆွဲအသုံးပြုဖို့အတွက် စပိန်နိုင်ငံအခြေစိုက် ရထားထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်တဲ့ Construcciones y Auxiliar de Ferrocarriles (CAF) ဆီက ဝယ်ယူခဲ့တယ်လို့ မြန်မာမီးရထား(အောက်မြန်မာပြည်ရုံး) နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ရည်ရွယ်ချက်ကတော့ ခရီးသည်တွေ စိတ်အေးချမ်းသာစွာ စီးနင်းနိုင်ဖို့အတွက်ပါ။ လောလောဆယ်တော့ အင်းစိန်မီးရထားစက်ခေါင်းရုံကိုပို့ပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ရဦးမယ်။ လက်ရှိ မြို့ပတ်ရထားလမ်းပိုင်းတွေကို ကြံ့ခိုင်မှုအတွက် အဆင့်မြှင့်တင်တာတွေ လုပ်နေပါတယ်။ အားလုံးပြီးစီးသွားရင်တော့ ပြေးဆွဲမှုကိုစတင်မှာပါ။"
စပိန်နိုင်ငံက ရထားထုတ်လုပ်တဲ့ကုမ္ပဏီ Conserucciones Auxiliar Ferrocarriles (CAF) က ဝယ်ယူခဲ့တဲ့ DEMU ဒီဇယ်လျှပ်စစ်ရထား ၆ တွဲပါတွဲဆိုင်း ၁ ဆိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ရန်ကုန်သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
မြန်မာ့မီးရထားက လက်ရှိ ရန်ကုန်မြို့ပတ်ရထားနှုန်းထားခကို ကျပ် ၃၀ဝ သတ်မှတ်ထားပေမယ့် တချို့ဘူတာတွေမှာ နှစ်ဆခန့်အထိ ပိုမိုပေးဝယ်နေရကြောင်းနဲ့ အခုထပ်မံပြေးဆွဲမယ့် ရထားနှုန်းထားခကို တရားဝင်မဖော်ပြထားသေးပါဘူး။