ဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး မဲခွဲဆုံးဖြတ်မှုအပေါ် ဟန်ဂေရီ အာဏာရပါတီက ပိတ်ဆို့တားဆီးနေတဲ့အပေါ် အမေရိကန်အနေနဲ့ စိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ထ် ပတေးလ်က ပြောပါတယ်။
ဗီဒန့်ထ်ပတေးလ်က “ဟန်ဂေရီနိုင်ငံဟာ နေတိုးအဖွဲ့ဝင်အဖြစ် အတည်ပြုပေးရမယ့် နောက်ဆုံး နေတိုးမဟာမိတ်ဖြစ်ပြီး ဒီနေ့ ဟန်ဂေရီပါလီမန်မှာ အဲဒီအစည်းအဝေးကို ကျင်းပတဲ့အတွက် ဝမ်းသာပါတယ်။ တချိန်တည်းမှာပဲ အာဏာရပါတီဟာ အစည်းအဝေးကို သပိတ်မှောက်ခြင်းအားဖြင့် မဲပေးခွင့်ကို ပိတ်ပင်လိုက်တဲ့အတွက် စိတ်ပျက်မိတယ်”လို့ ပြောပါတယ်။
ဆွီဒင်ရဲ့ နေတိုးအဖွဲ့ထဲ ဝင်ရောက်ဖို့ လုပ်ဆောင်တဲ့အပေါ် ထောက်ခံကြောင်း ဟန်ဂေရီက ပြောကြားခဲ့ဖူးပြီး ဆွီဒင်ဟာ သူ့ကတိကဝတ်တွေကိုလည်း ဖြည့်ဆည်းထားကာ နေတိုးမဟာမိတ် ဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ပြောထားဖူးကြောင်း ပတေးလ်က ပြောဆိုပါတယ်။
ဆွီဒင်ရဲ့ နေတိုး အစည်းအဝေးကိစ္စ ပြေလည်သွားပြီလို့ပဲ ယုံကြည်ထားပြီးတော့ ဒီနောက်ဆုံးလုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါကြောင်းလည်း နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ထ်ပတေးလ်က ပြောသွားပါတယ်။
အဖွဲ့ဝင်အားလုံးရဲ့ ထောက်ခံမှုရရှိဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်မှာ နေတိုးအဖွဲ့ဝင်အဖြစ် စတော့ဟုမ်းရဲ့ လျှောက်ထားမှုကို အတည်မပြုပေးတဲ့ တခုတည်းသော နေတိုးနိုင်ငံဖြစ်တဲ့ ဟန်ဂေရီနိုင်ငံဟာ အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာလာပြီး သူ့မဟာမိတ်တွေအကြား စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
Source/Photo-Reuters