အီရတ်နဲ့ ဆီးရီးယားရှိ အီရန်နဲ့ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို မကြာသေးမီက အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံသားတွေ သေဆုံးမှုတစုံတရာရှိတယ်လို့ မကြားသိရကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။
အစောပိုင်း သတင်းတွေအရ အီရန်နိုင်ငံသား တဦးတယောက်မှ မသေဆုံးခဲ့ဘူးလို့ လေတပ်ဗိုလ်ချုပ်ကြီး ပက်ထရစ်ရိုက်ဒါက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ တခြားအကြောင်းတွေကြောင့် သေဆုံးမှုတွေတော့ ရှိနိုင်တယ်လို့ ဆိုပြီး တခြားအသေးစိတ်တွေကိုတော့ မပြောပါဘူး။
အီရန် ကျောထောက်နောက်ခံပြု အုပ်စုတွေ အပါအဝင် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ အီရတ်ရဲ့ နာမည်ကျော် စည်းရုံးရေးတပ်ဖွဲ့ကတော့ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ ဆေးဝန်ထမ်းတွေ အပါအဝင် အဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ကြောင်း ပြောပါတယ်။
အီရတ်အစိုးရကတော့ အဲဒီသေဆုံးသူ ၁၆ ဦးထဲမှာ အရပ်သားတွေ ပါဝင်နေတယ်လို့ အစောပိုင်းမှာ ပြောထားပါတယ်။
ဆီးရီးယားမှာတော့ တိုက်ခိုက်မှုတွေကြောင့် ပစ်မှတ်ထားတဲ့နေရာတွေမှာ စောင့်ကြပ်နေတဲ့ လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားစစ်ပွဲအကြောင်း သတင်းထုတ်ပြန်နေတဲ့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ရာမီအဗ္ဗဒူလ်ရာမန် က ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ အီရတ်နိုင်ငံတွင်းရှိ စစ်သွေးကြွတွေရဲ့နေရာ ၃ ခုကို ဖေဖော်ဝါရီ ၂ ရက်က တိုက်ခိုက်မှု မတိုင်ခင်က ကြိုတင်အသိမပေးနိုင်ခဲ့ပေမဲ့ တိုက်ခိုက်မှုအပြီးမှာ အီရတ်ကို ချက်ချင်း အကြောင်းကြားခဲ့ကြောင်း နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့်ထ် ပတေးလ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့ သောကြာနေ့တုန်းက အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အမေရိကန်ဟာ အီရတ်ကို တိုက်ခိုက်မှုတွေ မပြုလုပ်ခင် အကြောင်းကြားခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အီရတ် ကာကွယ်ရေးစနစ်ဟာ တနင်္ဂနွေနေ့ ညနှောင်းပိုင်းက အယ်လ်အန်ဘာမြို့မှာ အမေရိကန်ဒရုန်းတွေကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့ကြောင်း အီရတ်ရှိ တရုတ် ကမ္ဘာလုံးဆိုင်ရာ ရုပ်မြင်သံကြားကွန်ရက် (CGTN) ရဲ့ သတင်းထောက်က ပြောပါတယ်။
အမေရိကန် မောင်းသူမဲ့ လေယာဉ်တွေဟာ လေဆိပ်နဲ့ အီရတ် စစ်အခြေစိုက်စခန်းတွေရဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းနေကြောင်းလည်း သတင်းထုတ်လွှင့်ပါတယ်။
Source/Photo-Reuters