နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နဲ့ မကွေးတိုင်းလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းတို့ နှစ်ဦးကို အစားထိုး ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၆ ရက်မှာ ကြေညာပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် နေရာမှာ ဗိုလ်မှူးကြီး မျိုးဝင်းကို ခန့်အပ်ခဲ့ပြီး မကွေးတိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနေရာမှာတော့ ဗိုလ်မှူးကြီး မိုးမင်းသိန်းကို ခန့်အပ်ကြောင်း စစ်ကောင်စီ အတွင်းရေးမှူးရဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။
နေပြည်တော်ကောင်စီရုံးနဲ့နီးစပ်သူတဦးက "ဗိုလ်မှူးကြီးမင်းနောင်က နေပြည်တော် ပြည်သူ့စစ် ကိစ္စတွေရယ်၊ လမ်းတံတားကိစ္စတွေနဲ့ ပတ်သက်ပြီးနားတာ။ မကွေးနယ်လုံဝန်ကြီးကတော့ တိုင်စာတွေကြောင့် နားတာ။ နှစ်ဦးစလုံး အရန်အင်အားပို့တယ်ကြားတယ်"လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်က စစ်ခေါင်းဆောင်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) အောင်ဇော်အေးကို တာဝန်ကအနားပေးပြီး ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) အောင်အောင်ကို ပြန်လည်ခန့်အပ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်ကလည်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဗိုလ်ချုပ် ရန်နောင်စိုးအပါအဝင် အရာရှိစစ်သည်တွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။