Home
မြန်မာသတင်း
အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် မီးလောင်၊ လူ ၃ ဦးသေဆုံးပြီး ဆိုင်ခန်းများမီးလောင် 
DVB
·
February 5, 2024
Fire_05022024

ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ ဇန်နဝါရီ ၅ ရက် ဒီနေ့မနက်ပိုင်းက  ကားဂိတ်တခုက စတင်ပြီး မီးလောင်ကျွမ်းခဲ့ပြီး လူ ၃ ဦးသေဆုံးကာ ဆိုင်ခန်းတွေ မီးလောင်သွားတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့နဲ့ ကားဝင်းအတွင်း နေထိုင်သူတွေထံက သိရပါတယ်။

အောင်မင်္ဂလာအဝေးပြေးဂိတ်၊ (ပ)ဝင်းအတွင်းရှိ တနင်္သာရီလမ်းမှာရှိတဲ့ ရွှေလင်းယုန်ဂိတ်မှာ ဒီကနေ့မနက် ၅ နာရီ  ၅ မိနစ်လောက်က  စတင်မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မနက် ၅ နာရီ ၄၈  မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။

ရွှေလင်းယုန်ဂိတ်အတွင်း Air cooler ကနေ အပူလွန်ကဲပြီး မီး‌လောင်ကျွမ်းတာမှာ ဂိတ်က ဝန်ထမ်း ၃ ဦး သေဆုံးပြီး  ပေ ၂၀ ဆိုင်ခန်း ၅ ခန်း၊ ၁၀ ပေ ဆိုင်ခန်း ၂ ခန်း မီးလောင်ပျက်စီးသွားတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဦးစီး ကိုထင်လင်းအောင်က ပြောပါတယ်။

ကားဝင်းနေထိုင်သူတဦးကတော့ “ရိုးရိုးလေးပိုင်ဂိတ်ကို အငှားပေးထားတဲ့ ရွှေလင်းယုန်ဂိတ်က စပြီးလောင်တာပါ။ ခြင်ဆေးခွေမီးကနေ လောင်တယ်လို့ ကြားတယ်။ ဂိတ်ထဲမှာ ညအိပ်နေတဲ့ နှစ်ဦးတော့ မီးထဲပါသွားတယ်။ ရွှေလင်းယုန်ဂိတ်မှူးကိုတော့ ဖမ်းသွားကြပြီ” လို့ ပြောပါတယ်။

နောက်ထပ်အမျိုးသားတဦးကတော့ မီးငြှိမ်းသတ်အပြီး ဂိတ်အနောက်ဘက်ရှိ ရေပုံးအပြာထဲ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် (ပ)ဝင်းအတွင်းရှိ ဝင်းကားဂိတ်၊ ရာဇာမင်းကားဂိတ်၊ အောင်ကျော်ဇောကားဂိတ်နဲ့ ကားလက်မှတ်အရောင်းဂိတ်တွေအပြင် ဆိုင်ခန်းတွေ ကုန်တွေ၊ စာရွက်စာတမ်းတွေအားလုံး ပါသွားကြောင်း ဂိတ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီမီးလောင်မှုကို မင်္ဂလာဒုံမြို့နယ်၊ အင်းစိန်မြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်တပ်ဖွဲ့တွေက ငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ မီးသတ်တပ်ဖွဲ့တွေက စစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024