ချီလီနိုင်ငံအလယ်ပိုင်းမှာ သောကြာနေ့ကစတဲ့ တောမီးလောင်ကျွမ်းမှုဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရတဲ့ မြို့တွေမှာ ညမထွက်ရအမိန့်ကို အာဏာပိုင်တွေက သက်တမ်းတိုးခဲ့ပြီး တနင်္ဂနွေနေ့ နှောင်းပိုင်းအထိ သေဆုံးသူဦးရေ ၁၁၂ ဦးအထိ ရှိလာပြီလို့ ချီလီနိုင်ငံ မှုခင်းဆေးပညာဌာနက အတည်ပြုထားပါတယ်။
တောမီးကြီးတွေကို ငြှိမ်းသတ်ဖို့ မီးသတ်သမားတွေကလည်း ကြိုးစားနေပါတယ်။
၁၉၃၁ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ရုက္ခဗေဒဥယျာဉ်လည်း မီးလောင်လို့ ပျက်စီးသွားပြီး ဥယျာဉ်ရှိရာ ဗီနာဒယ်မာမြို့တဝိုက်မှာ တောမီးက ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေပါတယ်။
တောမီးကြောင့် အနည်းဆုံး လူ ၁,၆၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။ မြို့အရှေ့ဘက်ခြမ်းမှာ မီးခိုးတွေနဲ့ မီးတွေကြောင့် လူတချို့ သူတို့ရဲ့အိမ်တွေထဲမှာ ပိတ်မိနေပါတယ်။
ဗီနာ ဒယ်လ်မာမြို့နဲ့ အနီးပတ်ဝန်းကျင်မှာ လူအယောက် ၂၀၀ လောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လူပေါင်း ၃ သိန်းလောက်နေတဲ့ ဒီမြို့ဟာ လူကြိုက်များတဲ့ ကမ်းခြေအပန်းဖြေ စခန်းသာမြို့လည်း ဖြစ်ပါတယ်။
ပုံမှန်မဟုတ်ဘဲ အပူချိန်မြင့်တာ၊ စိုထိုင်းဆနည်းတာနဲ့ လေတိုက်နှုန်း မြင့်မားတာတွေကြောင့် သစ်တောနဲ့ မြို့ပြဧရိယာ ဟက်တာ ၈,၀၀၀ ကို လောင်ကျွမ်းခဲ့ပြီးဖြစ်တဲ့ ချီလီအလယ်ပိုင်း တောမီးတွေကို ထိန်းချုပ်ဖို့ ခက်နေတယ်လို့ သမ္မတ ဂေဘရီရယ် ဘောရစ်က ဖေဖော်ဝါရီ ၄ ရက်က ပြောခဲ့ပါတယ်။
လူအယောက် ၅၀၀ လောက် သေဆုံးခဲ့တဲ့ ၂၀၁၀ ငလျင်ပြီးရင် ဒီတောမီးဟာ လူအသေအပျောက် အများဆုံး ကပ်ဆိုးကြီးလို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Source/Photo-Reuters