မွန်ပြည်နယ်၊ မော်လမြိုင်ကားဝင်းအတွင်း ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသမီး ၈ ဦးကို ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် မြို့ရှောင်လမ်းရှိ မြေနီကုန်းကားဝင်းအတွင်းက Smile Girl စားသောက်ဆိုင်မှာ မနေ့ညနေ ၄ နာရီကျော်က ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်တယ်ဆိုပြီး ဆိုင်ပိုင်ရှင်နဲ့ အမျိုးသမီးဝန်ထမ်း ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။
မော်လမြိုင်မြို့ခံတဦးက “အဲ့နေရာက ပြည့်တန်ဆာခန်းတွေ လုပ်နေတာ ကြာနေပြီ။ အရင်က သူတို့လည်း လိုင်းကြေးယူနေတာပဲ။ အခု တခုခုပြဿနာဖြစ်လို့ ဖမ်းလိုက်တာ ဖြစ်မယ်။ အဲ့တဆိုင်ထဲမဟုတ်ဘူး၊ ပြည့်တန်ဆာလုပ်ငန်းလုပ်နေတာ ဆိုင်တွေအများကြီးပဲ။ မြို့ခံတွေ တိုင်ပေမဲ့လည်း သူတို့ တခါမှ မဖမ်းပေးဘူး။ ကျနော်တို့ထင်တာကတော့ တဆိုင်လောက်ကို ထိုးကျွေးလိုက်တာလို့ ထင်တယ်” လို့ ပြောပါတယ်။
ဆိုင်ပိုင်ရှင် မသန်းသန်းရှိန်နဲ့ အမျိုးသမီး ၇ ဦးကို မော်လမြိုင်မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆိုင်သွားပြီး ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။
မော်လမြိုင် မြိုင်သာယာရပ်ကွက်မှာလည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်တဲ့ KTV တခုကို ဖမ်းဆီးခဲ့ပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့မှာ စစ်ကောင်စီကို လိုင်းကြေးပေးပြီး KTV တွေနဲ့ စားသောက်ဆိုင်တွေမှာ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုသလို ကြက်ဝိုင်း၊ ဖဲဝိုင်းလို လောင်းကစားဝိုင်းတွေကိုလည်း လုပ်ကိုင်ခွင့်ပြုပါတယ်။