မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အယောက် ၇၀ နီးပါးလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုဝင်လာခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။
လတ်တလောမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာအရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ယောက်ကို ဆေးဝါးကုသပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောပါတယ်။
“သူတို့(မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ)က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ဘန်ဒါဘန်ခရိုင်ထဲက တန်ဘရူနယ်စပ်ဒေသထဲကို လက်နက်တွေနဲ့ ကျူးကျော် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့က သူတို့ကို လက်နက်ဖြုတ်ပြီး ဘေးကင်းတဲ့ ခိုလှုံရာနေရာတွေဆီ ခေါ်ဆောင်သွားပါပြီ။ နောက်ဆက်တွဲ လုပ်ဆောင်မှု (သူတို့ကို မြန်မာနိုင်ငံကိုပြန်ပို့တာတွေ) တွေနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်နေပါတယ်။”
လက်ရှိမှာတော့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဆီက သိမ်းဆည်းထားတဲ့ လက်နက် ခဲယမ်းမီးကျောက်တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဆီမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အိုဘိုင်ဒူလ်ကွေဒါက မြန်မာ့ပြည်တွင်းပဋိပက္ခဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေအထိ ပျံ့နှံ့ရောက်ရှိလာခဲ့တယ်လို့ ပြောလိုက်ပြီးတော့ မြို့တော်ဒါကာမှာ တရုတ်သံအမတ်နဲ့ တွေ့ဆုံအပြီးမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် အခြေအနေကို ဖြေရှင်းဖို့အတွက် တရုတ်နိုင်ငံရဲ့ အကူအညီကို တောင်းခံခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
“တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထိခိုက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကို လျော့ပါးသက်သာစေဖို့ တရုတ်အစိုးရအနေနဲ့ ကူညီပေးစေလိုပါတယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာတော့ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းနီးပါးကို လက်ခံခိုလှုံခွင့် ပေးထားတာပါ။
နယ်စပ်တလျှောက် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို လက်နက်ကြီးနဲ့ ကျည်တွေကျရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တယောက်ကို ကျည်ထိမှန် ခဲ့သလို ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တွေကိုလည်း နယ်စပ်မှာ ဖြန့်ကြက်တပ်စွဲထားဖို့ တပ်လှန့်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အဇာဒူဇာမန်ခန်း ကာမယ်လ်ကတော့ မြန်မာနိုင်ငံ ဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာမျိုး ရှိမရှိ စစ်ဆေးဖို့တွေ အပါအဝင် မြန်မာနဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
Source: Anadolu Agency (AA)