ကိုးကန့်တပ်မတော် (MNDAA)က ၁၀၂၇ စစ်ဆင်ရေးရဲ့ သူရဲကောင်းစစ်သည် မိသားစုဝင်တွေနဲ့ ဒဏ်ရာရ စစ်သည်မိသားစုဝင်တွေကို တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ပြီး လက်ဆောင်ပစ္စည်းတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၃ ရက်စွဲနဲ့ ထုတ်ပြန်လာတာဖြစ်ပြီး ကိုးကန့် အထူးဒေသ ၁ ဟာ ရဲရင့်တဲ့ စစ်သည်တို့ရဲ့ ၁၄ နှစ်ကြာ အသက် သွေး ချွေးတွေ ပေးဆပ် တိုက်ပွဲဝင်ခဲ့တာကြောင့် လွတ်မြောက်ခဲ့ပြီး တော်လှန်ရေးအောင်ပွဲကြီး ရခဲ့ပြီလို့ ဆိုပါတယ်။
ကိုးကန့်ခရိုင် အုပ်ချုပ်ရေးခန်းမမှာပြုလုပ်တဲ့ အဲဒီအခမ်းအနားကို အထူးဒေသ အုပ်ချုပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ လီလောက်ပေါက်၊ MNDAA နိုင်ငံရေးမှူး ကျင်းရှင်း၊ MNDAA စစ်ဦးစီးဌာန ဒုစစ်ဦးစီးမှူး လန်ထင်းအိန်း စတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးမှူး ကျင်းရှင်းက ၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းစစ်သည်တွေကို ထာဝရ သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားမှာဖြစ်ပြီး သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေလည်း လုံးဝ အမေ့လျော့ခံ ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အချိန်ကာလတွေတုန်းက စစ်သည်မိသားစုဝင်တွေဟာ စစ်ကောင်စီနဲ့ ကိုးကန့်ရုပ်သေး အစိုးရအဖွဲ့တို့ရဲ့ ဖိနှိပ် နှိပ်စက် ရန်မူခံရမှာကို စိုးရိမ်ရတာကြောင့် မထင်မရှား ဇာတ်မြုပ်နေထိုင်ခဲ့ကြရပေမဲ့ အခုအချိန်မှာတော့ သူရဲကောင်း မိသားစုဝင်တွေအဖြစ် ဂုဏ်ယူဝံ့ကြွားနိုင်ပြီလို့ ဆိုပါတယ်။
ဒု ဥက္ကဋ္ဌ လီလောက်ပေါက်ကလည်း အထူးဒေသ ၁ အုပ်ချုပ်ရေးအဖွဲ့ကိုယ်စား နှစ်သစ်ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး သူရဲကောင်းတွေရဲ့ နောက်ကွယ်မှာ မပြည့်စုံ ချို့တဲ့ပေမဲ့ စိတ်ဓာတ်မာကျောတဲ့ မိသားစုဝင်တွေရှိကြပြီး လူမျိုးစုတန်းတူ ညီမျှခွင့်အတွက် ကျဆုံးခဲ့တဲ့ သူရဲကောင်းစစ်သည်တွေကို လူတိုင်း စံနမူနာထားပြီး ကျင့်ကြံသင့်တယ်လို့ ပြောပါတယ်။
အဲဒီနောက် အထူးဒေသ ၁ အကြီးအကဲတွေက သူရဲကောင်း စစ်သည်မိသားစုဝင်တွေကို လက်ဆောင်ပစ္စည်းနဲ့ ထောက်ပံ့ငွေတွေပေးအပ်ပြီး လောက်ကိုင်မြို့က ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဒဏ်ရာရစစ်သည်တွေကိုလည်း သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ ဆိုပါတယ်။
အထူးဒေသအုပ်ချုပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ လီလောက်ပေါက်၊ နိုင်ငံရေးမှူးကျင်းရှင်း၊ ဒုစစ်ဦးစီးမှူး လန်ထင်းအိန်းတို့က ဒဏ်ရာရစစ်သည်တွေကို ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုတွေနဲ့ ဒေသနယ်မြေအခြေအနေတွေကို ရှင်းပြပြီး လက်ဆောင်ပစ္စည်းနဲ့ ထောက်ပံ့ငွေတွေ ပေးခဲ့သလို တခြား နောက်တန်းနေရာမှာ ကုသမှုခံယူနေတဲ့ စစ်သည်တွေကိုလည်း လက်ဆောင်ပစ္စည်းနဲ့ ထောက်ပံ့ငွေတွေ ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။