Home
နိုင်ငံတကာ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနှင့် ဇနီးကို လက်ထပ်ဥပဒေချိုးဖောက်မှုဖြင့် ထောင် ၇ နှစ်ချမှတ်
DVB
·
February 4, 2024
Pakistan ex-PM Imran Khan Wife_04022024

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရမ်ခန်းနဲ့ သူ့ဇနီး ဘွတ်ရှ်ရာခန်းတို့ဟာ ၂၀၁၈ ခုနှစ်က လက်ထပ်ထိမ်းမြားခြင်း ဥပဒေကို ချိုးဖောက်တယ်လို့ တရားရုံးတခုက ဖေဖော်ဝါရီ ၃ ရက်မှာ ဆုံးဖြတ်ပြီး ထောင်ဒဏ် ၇ နှစ်နဲ့ ဒဏ်ငွေချမှတ်ခဲ့တယ်လို့ သူ့ပါတီက ပြောပါတယ်။ 

ဒါဟာ အခုသီတင်းပတ်အတွင်း တရားရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်းအပေါ် တတိယမြောက် ဆိုးရွားတဲ့ စီရင်ချက်ပါ။ ကြာသပတေးနေ့မှာ ကျင်းပမယ့် ပြည်လုံးကျွတ် ရွေးကောက်ပွဲမတိုင်မီ သူ ဝင်မပြိုင်နိုင်ဖို့ တားမြစ်တာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ဒေါ်လာ ၁,၈၀၀ နဲ့ ညီမျှတဲ့ ရူပီးငွေ ၅ သိန်းစီ ဒဏ်ရိုက်ခဲ့တယ်လို့ ARY News သတင်းမှာ ဖော်ပြထားပါတယ်။ 

စီရင်ချက်ဟာ ရွေးကောက်ပွဲမတိုင်မီ ခန်းရဲ့ ပါတီကို နိုင်ငံရေးအရ ထိုးနှက်ချက်လို့ လမ်းပေါ်က လူတွေက ပြောပါတယ်။

ဘွတ်ရှ်ရာဟာ အရင်ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး ခန်းနဲ့ လက်ထပ်ပြီးတဲ့နောက် အစ္စလာမ်ဘာသာက သတ်မှတ်ပေးထားတဲ့ စောင့်ဆိုင်းကာလကို ပြီးအောင် မဆောင်ရွက်ခဲ့ဘူးလို့ စွပ်စွဲခံခဲ့ရတာပါ။ 

ခန်းဟာ သူတို့ရဲ့ လက်ထပ်စာချုပ်ကို နစ်ခါလို့ နာမည်ပေးပြီး ပထမဆုံးအကြိမ် ၀န်ကြီးချုပ်ဖြစ်မလာမီ ၇ လအလို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ လျှို့ဝှက်အခမ်းအနား တခုမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါကြောင့် စောင့်ဆိုင်းကာလမပြီးခင်မှာ လက်ထပ်ခဲ့သလားဆိုတဲ့ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ 

ခန်းတို့ ဇနီးမောင်နှံ နှစ်ဦးစလုံးက ဘာအမှားအယွင်းမှ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဇနီးသည်ကို မြို့တော် အစ္စလမ်မာဘတ်က သူတို့ရဲ့ တောင်ပေါ် အိမ်ကြီးမှာ ပြစ်ဒဏ်ကျခံဖို့ ခွင့်ပြုထားပေမယ့် ခင်ပွန်းသည် ခန်းကတော့ ရာဝယ်ပင်ဒီ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။

ဒါ့အပြင် သူဟာ အစိုးရရုံးမှာ ၁၀ နှစ်ကြာ ရာထူးတာဝန် ထမ်းဆောင်ခွင့် ရပ်စဲခံနေရတာပါ။ ပြစ်ဒဏ်တွေကို တပေါင်းတည်း ဒါမှမဟုတ် သီးခြားစီ ကျခံရမလားဆိုတာတော့ ချက်ချင်း မသိရသေးပါဘူး။   

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013