ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းပေးပြီး တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက ခေါ်ယူတွေ့ဆုံထောက်ပံ့ပေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သဃ်န်းကျွန်း၊ တောင်ဥက္ကလာနဲ့ သာကေတမြို့နယ်တို့မှာ ဒီဇင်ဘာလကုန်ပိုင်းက စလို့ ပြည်သူ့စစ်အဖွဲ့တွေ စတင်ဖွဲ့စည်းလာပြီး ညနက်ပိုင်းမှာ စစ်ကောင်စီက ခေါ်ယူတွေ့ဆုံလေ့ရှိတယ်လို့ တောင်ဒဂုံမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အုပ်ချုပ်ရေးက လူတွေ များတယ်။ တပ်ထောက်ခံသူတွေ။ ပြည်ခိုင်ဖြိုးပါတီဝင်တွေ။ စစ်မှုထမ်းဟောင်းတွေ။ ခေါ်တာက ပြည်သူ့လုံခြုံရေးအဖွဲ့ပေါ့။ စစ်သင်တန်းပေးတာတော့ မလုပ်သေးဘူး။ လတ်တလော ဧည့်စာရင်းစစ်ရင် မြို့နယ်က ခေါ်သုံးတယ်” လို့ ပြောပါတယ်။
စစ်သင်တန်းတက်ရောက်ပြီးတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ဒီဇင်ဘာလ ၃၀ ရက်က စတင်ပြီး ကက(ကြည်း)ရုံးက ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက ထောက်ပံ့ငွေတွေ ပေးခဲ့တယ်လို့ လှည်းကူးမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ရယ်၊ တိုက်ကြီးက သင်တန်းသားတွေရယ်၊ ဒီဇင်ဘာ ၃ ရက်က သင်တန်းတက်တုန်းက တိုင်းမှူးတွေ ထောက်ပံ့ကြေးငွေလာပေးသေးတယ်” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းက ပြည်သူ့စစ်ဌာနေအဖွဲ့ကို ကက(ကြည်း)ရုံးက ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက ဦးစီးပြီး အဖွဲ့ခေါင်းဆောင်က ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်ဖြစ်တယ်လို့ မဂ်လာဒုံတပ်နယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ လက်တလောသိရှိရတဲ့ စာရင်းအရ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထန်းတပင်၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ တိုက်ကြီး၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့မှာ ပြသည်သူ့စစ် အဖွဲ့တွေ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။