စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ညပိုင်းကစပြီး လက်ရှိအချိန်ထိ လျှပ်စစ်မီး ပြတ်တောက်နေတာကြောင့် လူမှုကူညီရေးအသင်းတချို့က ကူညီပေးနေရတယ်လို့ သိရပါတယ်။
လျှပ်စစ်မီး အချိန်ကြာပြတ်တောက်နေတာကြောင့် အရေးပေါ်ဖုန်းအားသွင်းဖို့နဲ့ သောက်သုံးရေ တင်နိုင်ဖို့အတွက် မုံရွာမြို့အခြေစိုက် လူမှုကူညီရေးအသင်းတချို့နဲ့ တနိုင်တပိုင် ကူညီသူတချို့က ရပ်ကွက်တွေထဲမှာ မီးစက်မောင်း ကူညီပေးနေတယ်လို့ သိရပါတယ်။
လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ရှိသူတယောက်က “တချို့အိမ်တွေက ရေတင်ဖို့ အကူအညီတောင်းလာလို့ မနေ့ကတည်းက ကျနော်တို့ဆီက မီးစက် ၂ လုံးနဲ့ လိုက်ကူညီပေးနေတာပါ။ ရေတင်တဲ့အိမ်က ဆီပြန်ထည့်ပေးတာပေါ့။ မီးစက်မောင်းနေတဲ့ အချိန်မှာလည်း ဖုန်းအားသွင်းမယ့်သူတွေ၊ ပါဝါဘန့် အားသွင်းမယ့်သူတွေကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းက မုံရွာမြို့ အနောက်ဘက်ခြမ်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာက လျှပ်စစ်တာဝါတိုင် တခု မိုင်းဖောက်ခွဲခံရပြီး မုံရွာမြို့နယ် အပါအဝင် အနီးပတ်ဝန်းကျင် မြို့နယ်တချို့မှာ ဒီကနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
မုံရွာမြို့ပေါ်နေသူတယောက်က “တမြို့လုံး မီးပြတ်နေတော့ အခက်အခဲတွေက အများကြီးပေါ့။ ဖုန်းတွေလည်း အားကုန်တော့ အဆက်အသွယ်တွေ ပြတ်ကုန်တာပေါ့။ ၃ ရက်တောင်ကြာနေပြီ။ မနေ့ညကစပြီး အမှောင်ထဲမှာပဲ နေနေရတယ်။ အခု ဘယ်အိမ်က ရေတင်မလဲဆိုတာ နားစွင့်နေရတယ်။ မီးစက်သံကြားရင် စိတ်ထဲပျော်နေတယ်” လို့ ပြောပါတယ်။
မုံရွာမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတဲ့အပေါ် လျှပ်စစ်ပစ္စည်းတွေ အားသွင်းလို့ မရတာကို အဓိကရင်ဆိုင်နေရပြီး သုံးရေတင်မရတဲ့ အခက်အခဲတွေကြောင့် မီးစက်အကူအညီ လိုအပ်ရင် အကူအညီတောင်းနိုင်တယ်လို့ သမာဓိနှလုံးသား လူမှုကူညီရေးအသင်းက ကြေညာထားပါတယ်။
Photo - သမာဓိနှလုံးသား လူမှုကူညီရေးအသင်း