Home
မြန်မာသတင်း
၃ နှစ်အတွင်း ချင်းအမျိုးသား ၁၅၀ ခန့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ
DVB
·
February 4, 2024
Chin Human Shield by SAC_04022024

ချင်းပြည်နယ်နဲ့ ချင်းအမျိုးသားတွေ နေထိုင်တဲ့ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအကြား ချင်းအမျိုးသား ၁၄၄ ယောက်ကျော် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရပြီး ၉ ယောက်ကတော့ သတ်ဖြတ် ခံခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေဟာ ထိုးစစ်ဆင်ရာမှာ လမ်းပြအနေနဲ့သော်လည်းကောင်း၊ တန်ဆာခံ အနေနဲ့သော်လည်းကောင်း အရပ်သားတွေကို အတင်းအကျပ်ဖမ်းခေါ်ပြီး လူသားဒိုင်း အဖြစ် စေခိုင်းတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲက လွတ်မြောက်လာသူတွေရှိပေမဲ့ ၉ ယောက်ကတော့ အလောင်းပြန်မရအောင် သတ်ဖြတ်ခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ချင်းရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး ဆလိုင်းဗန်ဆွီးဆန်က “ထိုးစစ်ဆင်လာတဲ့အခါ စစ်ကောင်စီဘက်က အရေးနိမ့်လာတဲ့အခါမှာ အဲဒီနည်းလမ်းကို အသုံးပြုတာ တွေ့ရတယ်။ ပြန်လွတ်လာတဲ့ သူတွေကလည်း အချို့သူတွေက မြန်မာပြည်မှာ မနေရဲတော့ဘဲနဲ့ အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးလာသူတွေရှိတယ်။ တချို့ကလေးတွေဆို ပစ္စည်းပြုတ်ကျသံ ကြားရင်တောင် ထိတ်လန့်တဲ့ အနေအထားထိရောက်တယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှု ၃ နှစ်အတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်များနဲ့ စစ်ကောင်စီတို့ အကြား တိုက်ပွဲပေါင်း ၉၀၀ ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီက သတ်ဖြတ်လို့ ချင်းအမျိုးသား ၆၁၈ ယောက် သေဆုံးခဲ့ရတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

လူဦးရေ ၅ သိန်းလောက်ပဲရှိတဲ့ ချင်းအမျိုးသားတွေအဖို့ ဒီအရေအတွက်ဟာ ၀ ဒသမ ၁၂ ရာခိုင်နှုန်း (ပျမ်းမျှ လူ ၁၀၀၀ မှာ ၁ ယောက်သေဆုံး) ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ စစ်အာဏာသိမ်းလိုက်တဲ့ ၃ နှစ်အတွင်း ချင်းပြည်နယ်နဲ့ ချင်းအမျိုးသားတွေရဲ့ လူနေမှုဘဝဟာလည်း ထိုးဆင်းလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024