ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ NUG၊ PDF အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ပတ်သက်မှုရှိနေတယ်လို့ စွပ်စွဲပြီး ဇန်နဝါရီလအတွင် ဒေသခံ လူငယ် ၁၄ ယောက်ကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက် အထိ ၁ လတွင်း လူငယ် ၁၄ ယောက်ကို ဖမ်းဆီးခဲ့ပြီး တပတ်လောက်ကြာမှာ လူငယ် ၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ၉ ယောက်ကိုတော့ ဒီနေ့အထိ ဆက်လက် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ညဘက် ဧည့်စရင်းတွေစစ်ဆေးရင်း အဖမ်းခံရတာများတယ်။ NUG၊ PDF တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပတ်သက် ဆက်သွယ်မှုရှိနေတယ်လို့ စွပ်စွဲပြီးဖမ်းတာ။ ဥပဒေနဲ့အညီ စစ်ဆေးစရာရှိလို့ ဖမ်းတာလို့ ပြောပြီးဖမ်းတာ။ အခု အဖမ်းခံရတဲ့ လူငယ်တွေက လယ်ယာလုပ်ငန်းနဲ့ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူတွေပါ။ ပြန်လွတ်လာသူတွေ ငွေပေးရတာတဲ့။ ဘယ်လောက် ပေးရလဲတော့ မသိဘူး” လို့ ပြောပါတယ်။
ဆက်လက် ဖမ်းဆီးခံထားရသူတွေဟာ ဒေသခံ အရပ်သား အမျိုးသားတွေဖြစ်ပြီး အသက် ၂၃ နှစ်ရွယ် ၆ ယောက်နဲ့ အသက် ၃၀ အရွယ် ၃ ယောက် ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်သူတယောက်က “ဒီနေ့ အထိတော့ ဘယ်ဥပဒေနဲ့မှ အမှုမဖွင့်ရသေးဘူးလို့ သိရတယ်။ ဖမ်းထားတာ ၁ လကျော်လာပြီဆိုတော့ မိသားစုတွေက စိုးရိမ်စိတ်ပူနေတာပေါ့။ ကလေးတွေက PDF တွေမဟုတ်ဘူး။ ပတ်သက်တာလည်း မရှိဘူးလို့ မိသားစုတွေက ပြောတာပေါ့။ အဓိက ကတော့ သတင်းပေးတွေကြောင့် ဖမ်းတာပါ” လို့ ပြောပါတယ်။
အရပ်သား ဒေသခံ လူငယ်တွေကို စစ်ကောင်စီတပ်က NUG၊ PDF စတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးထားပေမယ့် လူငယ်တွေဆီမှာ ဆက်သွယ်ထားတဲ့ အချက်အလက်တွေမရှိသလို စစ်ကောင်စီတပ်ဘက်ကလည်း NUG၊ PDF တွေနဲ့ ဆက်သွယ်ထားတဲ့ အထောက်အထားအချက်အလက်တွေ မပြနိုင်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။