ပျက်ကျနေတဲ့ စစ်ရဟတ်ယာဥ် ၁ စီးရဲ့ မှတ်တမ်းဓာတ်ပုံကို မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ဖေဖော်ဝါရီ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး ရက် ၁၀၀ ပြည့်နေ့ တိုက်ပွဲသတင်းအဖြစ် ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဆိုပါပျက်ကျတဲ့ စစ်ရဟတ်ယာဥ်နဲ့ ပတ်သက်လို့ ဘယ်အချိန် ဘယ်နေရာမှာ ဘာကြောင့် ပျက်ကျတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားချက်မရှိသလို မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ တလတည်းမှာ စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်နဲ့ လေယာဉ် ၃ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချထားနိုင်ခဲ့ပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းကနေ ဝိုင်းမော်မြို့နယ်၊ နာဖော့စခန်းကိုလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဥ်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA) က ပစ်ချနိုင်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့က ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာကို ဗုံးလာကြဲတဲ့ FTC 2000 G တိုက်လေယာဉ်ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ပါတယ်။
ဇန်နဝါရီ ၂၉ ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချခဲ့လို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၁ စီး ပျက်ကျပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် အရာရှိ ၅ ဦးသေဆုံးခဲ့ပါတယ်။
စစ်ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ ပျက်ကျတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
Photo- (AA+MNDAA+TNLA)