ရန်ကုန်၊ အင်းစိန်မြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့မှာ မီးလောင်ခဲ့ပြီး အဆောက်အဦ ၂ လုံးနဲ့ ကား ၁ စီး ပျက်စီးခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းရှိ ကားဝပ်ရှော့မှာ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ လောက်က မီးလောင်ခဲ့ပါတယ်။
မီးလောင်မှုဟာ ဝပ်ရှော့မှာ ကားပြုပြင်နေရင်းက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ကားဝပ်ရှော့ အဆောက်အဦတခုလုံးနဲ့ ပြုပြင်လက်စ တိုယိုတာ ဟိုင်းအေ့ Toyota Hiace ကားတစီးလုံး ပျက်စီးသွားပါတယ်။
ရွှေမေတ္တာအသင်းဝင်တဦးက “ကားဝပ်ရှော့နဲ့ ကားတစီးလောင်သွားတာ။ မီးငြိမ်းတာကို ကူညီရင်းနဲ့ အမျိုးသား ၁ ဦးတော့ မီးဟပ်ဒဏ်ရာရသွားတယ်။ ဝပ်ရှော့ကတော့ တဆိုင်လုံး လောင်သွားတယ်” လို့ ပြောပါတယ်။
မီးလောင်မှုနေရာကို အင်းစိန်မြို့နယ်၊ အရန်မီးသတ်နဲ့ ထိစပ်မြို့နယ်တို့က မီးသတ်ယာဉ်၊ ရေသယ်ယာဉ်၊ အရပ်ဖက်အသင်းတွေက လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး မွန်းလွဲ ၂ နာရီ မိနစ် ၅၀ လောက်မှာ မီးငြိမ်းသွားပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ(၁)လမ်းရှိ ကော်ပစ္စည်းအရောင်းဆိုင်မှာ ဖေဖော်ဝါရီ ၂ ရက် ည ၇ နာရီလောက်က မီးလောင်ခဲ့ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မီးသတ်က မီးသတ်ယာဉ်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ပေမဲ့ မီးတောက်အားကောင်းနေတာကြောင့် ည ၇ နာရီ ၁၆ မိနစ်မှာ Level 1 ဆင့်ခေါ်ခဲ့ရပါတယ်။
ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ နေအိမ်အတွင်း ခြင်ဆေးခွေ မီးကနေ ကော်ပစ္စည်းတွေကို ကူးစက်ခဲ့ပြီး နေအိမ် ၂ ထပ်အဆောက်အဦ ၁ ခုလုံးနဲ့ ဆိုင်အတွင်းပစ္စည်းတွေပါ လောင်ကျွမ်းသွားခဲ့တာ ဖြစ်ပါတယ်။
သုဝဏ္ဏပရဟိတအသင်းတာဝန်ရှိသူက “၂ ထပ်တိုက်အိမ်တလုံးပဲ လောင်တာ။ မီးက အရှိန်များတော့ ဘေးအိမ်တွေပါ မကူးအောင် Level 1 ခေါ်တာ။ လောင်တဲ့နေရာက ဆိုင်သေးသေးလေးက အပြင်မှာရှိတယ်။ ပစ္စည်းအကြီးတွေက အထဲမှာထားတာ။ ကော်ထိုင်ခုံ၊ ကော်ဆွဲခြင်းတို့လို ဆိုတော့ မီးလောင်အားကောင်းသွားတာ။ ဘေးက အုတ်နံရံတွေလည်း ဖြစ်တယ်။ လေလည်း ငြိမ်နေတော့ မီးဆက်မကူးတော့တာ" လို့ ပြောပါတယ်။
မီးသတ်နဲ့ အရပ်ဖက်အသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် ည ၇ နာရီ ၂၁ မိနစ်မှာ မီးထိန်း၊ ည ၇ နာရီ ၂၆ မိနစ်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်မှုဖြစ်စဉ် ၂ ခုက ပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းရင်း အသေးစိတ်ကို သက်ဆိုင်ရာ မြို့နယ်မီးသတ်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ- ရွှေမေတ္တာအသင်း၊ Medical လူငယ်များအသင်း