မြန်မာဘောလုံးအဖွဲ့အချုပ် ရွေးကောက်ပွဲကို လာမဲ့ မတ် ၃၀ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင်ဆီက သိရပါတယ်။
၂၀၂၄ ခုနှစ်ကနေ ၂၀၂၈ ခုနှစ်အထိ ၄ နှစ်သက်တမ်းရှိတဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်အတွက် ကိုယ်စားလှယ်အမည်တင်သွင်းတဲ့ လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၉ ရက်နေ့အတွင်း တင်သွင်းသွားရမှာဖြစ်ပြီး ရွေးကောက်ပွဲကိုတော့ မတ် ၃၀ ရက်နေ့ ရန်ကုန်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
၃ ကြိမ်မြောက်ပြုလုပ်တဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌ ၁ ယောက်၊ ဒု ဥက္ကဋ္ဌ ၃ ယောက်၊ တိုင်းနဲ့ပြည်နယ်နေရာအတွက် ၆ ယောက်၊ မြန်မာနေရှင်နယ်လိဒ်နေရာအတွက် ၃ ယောက်၊ မြန်မာနေရှင်နယ်လိဒ်-၂ နေရာအတွက် ၁ ယောက်၊ ဒိုင်ကော်မတီနေရာအတွက် ၁ ယောက်၊ နည်းပြကော်မတီနေရာအတွက် ၁ ယောက်၊ ကစားသမားကော်မတီနေရာအတွက် ၁ ယောက်၊ အမျိုးသမီးဘောလုံးကော်မတီ နေရာအတွက် ၁ ယောက် နဲ့ ဖူဆယ်နဲ့ သဲသောင်ပြင်ကော်မတီနေရာအတွက် ၁ ယောက်တို့ကို ရွေးကောက်တင်မြှောက်သွားမှာ ဖြစ်ပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တယောက်က “ကျနော်တို့က အရင်ဆုံးအနေနဲ့ ကိုယ်စားလောင်းတွေကနေ အလုပ်အမှုဆောင် ၄၆ နေရာကိုရွေးမှာပါ။ အဲကနေမှ မဲနဲ့ ဥက္ကဋ္ဌနေရာကို ဆက်လက်ရွေးသွားမှာပါ။ စည်းမျဉ်းတွေကတော့ အဓိကကတော့ နိုင်ငံသားဖြစ်ရမယ်။ ဘောလုံးလောကမှာ ၂ နှစ် အနည်းဆုံး အလုပ်လုပ်ခဲ့ရမယ်။ အသက် ၇၀ မကျော်ရဘူးပေါ့။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်ဆိုလည်း အဲတိုင်းမှာ အလုပ်လုပ်ခဲ့ရမှာပေါ့။ ကျနော်တို့က မတ် ၃၀ ရက်နေ့မှာ ပြုလုပ်မယ်လို့ကြေညာထားတော့ ဖြစ်အောင်လို့လည်း လုပ်နေတယ်။ အားလုံးပါအောင်လည်း ကြိုးစာနေပါတယ်” လို့ပြောပါတယ်။
ဝါရင့်မြန်မာဘောလုံးပရိသတ်တယောက်က “အရင် ၂ ခေါက်တောင်အဆင်မပြေခဲ့တာ။ ဒီတခေါက် သက်တမ်းမှာလည်း အဆင်ပြေဖို့မလွယ်ပါဘူး။ မြန်မာဘောလုံးက လုပ်ပွဲတွေ၊ လာဘ်စားမှုတွေ၊ သက်ငယ်ပြိုင်ပွဲတွေမှာ သက်ကြီးကစားသမားတွေပဲ ဖြစ်နေတာ အမြစ်တွယ်နေပြီ။ အခု အဲဒါတွေက အဆိုးဆုံး အခြေအနေကို ရောက်နေပြီဆိုတော့ အဆင်ပြေဖို့လမ်းမမြင်တော့ပါဘူး” လို့ပြောပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌရွေးကောက်ပွဲကို ၂၀၁၆ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး ပြုလုပ်ပြီးတဲ့ ၂ ကြိမ်လုံးမှာ ဦးဇော်ဇော်ကပဲ ဥက္ကဋ္ဌနေရာ ရရှိခဲ့ပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၃ ခုနှစ်အတွင်း ဖီဖာ၊ အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့က ရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၂၅ သိန်းကျော်အပါအဝင် ဒေါ်လာ ၅၅ သိန်း ဝင်ငွေရှိခဲ့ပေမယ့် အသုံးစရိတ်က ဒေါ်လာ ၆၂ သိန်းနီးပါးရှိတာကြောင့် လိုငွေသိန်း ၇ သိန်းနီးပြခဲ့တယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ တနှစ်တာဝင်ငွေစာရင်းရှင်းတမ်းမှာ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားခဲ့ပါတယ်။