ချီလီနိုင်ငံအလယ်ပိုင်း ဗာလ်ပါရိုက်ဆိုဒေသမှာ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက ထိန်းမနိုင်သိမ်းမရ တောက်လောင်နေတဲ့ တောမီးတွေဟာ နေအိမ်တွေနဲ့ ထောင်နဲ့ချီတဲ့ မြေဟက်တာတွေကို လောင်ကျွမ်းဝါးမြိုသွားခဲ့တာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ချီလီနိုင်ငံ အမျိုးသားသစ်တောအဖွဲ့ CONAF ရဲ့ အဆိုအရ သောကြာနေ့ညနေပိုင်းအထိ နိုင်ငံတဝန်းမှာ တောမီး လောင်ကျွမ်းမှု အနည်းဆုံး ၁၅၈ ကြိမ် ဖြစ်ပွားခဲ့ပြီးတော့ ဗာလ်ပါရိုက်ဆို ဒေသတခုတည်းမှာပဲ ဟက်တာ ၇ ထောင်လောက် လောင်ကျွမ်းသွားကြောင်း သိရပါတယ်။
အပူချိန်မြင့်မားမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် တောမီးလောင်ကျွမ်းမှုကို အရှိန်ကောင်းအောင် လုပ်ပေးသလို ဖြစ်နေတာပါ။
ဗာလ်ပါရိုက်ဆိုဒေသမှာ တောမီးကြောင့် လမ်းကြောင်းအများအပြားမှာ ယာဉ်ကြောတွေလည်း ပြတ်တောက်ခ့်ပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ထိန်းချုပ်ဖို့ ခက်ခဲတဲ့ တောမီးတွေကို ထိန်းချုပ်ဖို့ မီးသတ်လေယာဉ် ၁၀ စီး ဖြန့်ကျက်ချ ထားခဲ့ကြောင်း သစ်တောအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
မီးသတ်သမားတွေဟာ နေအိမ်တွေကို မီးလောင်ခံရခြင်းကနေ ရှောင်ရှားနိုင်ဖို့ မီးတောက်ကြီးတွေ ကို အစွမ်းကုန် ငြှိမ်းသတ်နေရပါတယ်။
ပဏာမအစီရင်ခံစာတွေအရ အိမ်ခြေ ၁ ထောင်လောက် ပျက်စီးခဲ့ကြောင်း ဒေသတွင်း မီဒီယာ တွေက ဆိုပါတယ်။
ချီလီနိုင်ငံ တောမီးလောင်ကျွမ်းမှုအတွင်း အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေ ကို ကိုးကားပြီး AFP သတင်းဌာနက ဖေဖော်ဝါရီ ၃ ရက် အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
အမျိုးသား သဘာဝဘေးကာကွယ်ရေးနဲ့ တုံ့ပြန်ရေးဌာန (SENAPRED) မှ ဖေဖော်ဝါရီ ၂ ရက်မှာ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်လေယာဉ်၊ မီးသတ်ရဟတ်ယာဉ်တွေနဲ့ မီးကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြောင်း အစီရင်ခံထားပါတယ်။
Source/Photo - Reuters