ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ထဲက အခြေခံပညာကျောင်းတွေမှာ စာမေးပွဲဖြေဆိုဖို့ နီးကပ်လာချိန် အချိန်ပိုခေါ်ပြီး သင်ကြားပေးနေပေမဲ့ ကျုရှင်ခအဖြစ် ၁ လကို ကျပ်ငွေ ၂၀,၀၀၀ ကောက်ခံနေတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
ဇန်နဝါရီလက စပြီး ကျောင်းတက်ချိန် ၄၅ မိနစ်တိုး သင်ကြားပြီး ငွေတောင်းတာ မပေးနိုင်သူတွေကို စာမေးပွဲဖြေဆိုပြီးရင် ကျရှုံးအောင်လုပ်ပစ်မယ်လို့ ဆရာ ဆရာမတွေက ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။
ကျောင်းသားမိဘတယောက်က “သူတို့သဘောနဲ့ သင်ပေးတာ။ အဲအချိန်ကို ပိုက်ဆံမပေးနိုင်လို့ မတက်ချင်ဘူးလို့လည်း ပြောလို့မရဘူး။ အခုက ကလေးတွေကို နင်တို့မပေးရင် အတန်းတင်မပေးဘူးလို့ပြောလို့ ပေးနေရတယ်” လို့ ပြောပါတယ်။
ငွေကြေးကောက်ခံရာမှာလည်း ပြင်ပ ကျုရှင်ခအတိုင်းကောက်ခံနေပြီး တနှစ်အတွင်း သင်ကြားရမဲ့ သင်ရိုးညွှန်းတမ်းကုန်အောင် မသင်ပေးခဲ့ဘဲ အခုမှ အချိန်ပိုခေါ် သင်ပြပေးနေပြီး ငွေကြေးကောက်ခံနေတာလို့လည်း သိရပါတယ်။
ကျောင်းသားတယောက်က “တန်ဆောင်တိုင်ကျောင်းပိတ်ရက် မရောက်ခင် လောက်ကတည်းက စာကောင်းကောင်း သင်မပေးတော့ဘူး။ အတန်းပိုင် ဆရာမတွေ ဖွင့်ထားတဲ့ အပြင်ကျုရှင်တွေပဲ တက်ရတာ။ အဲဒီ ကျုရှင်တွေတက်မှလည်း ကျောင်းမှာက ဆရာမတွေနဲ့အဆင်ပြေတာ။ အဲလိုမှ မဟုတ်ရင် ဆရာမတွေက ပြဿနာရှာတာတွေ လုပ်တယ်။ ကျုရှင်ခလည်းကုန်တယ်။ ကျောင်းကပါ အခုလို တောင်းတော့ အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းဆရာ ဆရာမတွေ ကျူရှင်မသင်ကြဖို့ အမိန့်ထုတ်ထားပေမဲ့ ကျောင်းတော်တော်များများမှာတော့ ကျောင်းက ဆရာ၊ ဆရာမတွေသင်တဲ့ ကျူရှင်ကိုမတက်တဲ့ကျောင်းသားတွေဟာ ခွဲခြားဆက်ဆံခံနေရပါတယ်။
Photo-ပုံဟောင်း