ရန်ကုန်မြို့၊ ဗိုလ်မြတ်ထွန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီနေ့ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက ယာဉ် ၂ စီးတိုက်မိပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ရန်ကုန်မြို့ခံ တွေဆီက သိရပါတယ်။
မနက် ၆ နာရီခွဲကျော်လောက်က ရန်ကုန်မြို့၊ ဗိုလ်မြတ်ထွန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဟွန်ဒိုင်းပစ်ကပ်နဲ့ တက္ကစီယာဉ်တို့ တိုက်မိခဲ့လို့ ၇ ယောက် ဒဏ်ရာရပြီး ၃ ယောက်ကတော့ စိုးရိမ်ရတယ်လို့ ပါဝင်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
လူမှုကူညီရေးအသင်းသားတယောက်က “၂ စီးတိုက်မိကြရာကနေ ဟွန်ဒိုင်းပုဇဉ်းခေါင်း ပစ်ကပ်က လမ်းထောင့်က သစ်ပင်နဲ့ မော်တော်ပီကယ်ရုံးကို ထပ်ပြီး ဝင်တိုက်မိသွားတာ။ ၃ ယောက်ကတော့ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ရှင်သန်ရေးကူညီမှုအသင်းက လူနာတင်ယာဉ် ၂ စီး၊ အိမ်စီးကား ၁ စီးတို့ရဲ့ အကူအညီနဲ့ ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း ရန်ကုန်၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနဲ့ မော်တင်လမ်းထိပ်မှာ ဟိုက်ဂျက်၊ မတ်တူးရွှေငါး နဲ့ မာဇဒါပြိုင်ကားတို့ ၃ စီးဆင့်တိုက်မိခဲ့လို လူ ၁ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက် ဒဏ်ရာရခဲ့သေးတယ်လို့ ရှင်သန်ရေးလူမှုကူညီရေးအသင်းဆီက သိရပါတယ်။